မင်းဘူး နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာ ၃၁ ရွာအား တိရစ္ဆာန်အကောင်ရေစာရင်း ကောက်ယူသွားမှာဖြစ်ပြီး၊ နိုဝင်ဘာ ၁ ရက်နေ့တွင် မောင်းမကန်ကျေးရွာမှ စတင်ကာ စာရင်းများကောက်ယူနေပြီဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ မောင်းမကန်ကျေးရွာ တိရစ္ဆာန်အကောင်ရေစာရင်း ကောက်ယူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်က ရွာသူ၊ ရွာသားများအား နယ်မြေလုံခြုံရေး ရပ်ရွာအေးချမ်းသာယာရှိရေးအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများလည်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ကြရေးကို ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်မင်းက တိရစ္ဆာန်အကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယာများ အတည်ပြုနိုင်ရန်နှင့်၊ ပြောင်းလဲနေတဲ့ မွေးမြူရေးအကောင်ရေစာရင်းရရှိရန်၊ တိရစ္ဆာန်အကောင်ရေစာရင်းအပေါ်အခြေခံ၍ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ရရှိလာမည့် အကျိုးစီးပွားအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကာ တိရစ္ဆာန်အကောင်ရေစာရင်း ကောက်ယူခြင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)