ပွင့်ဖြူ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းဇယားများ အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေစာရင်းတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် နိုင်ငံတစ်ဝှမ်းလုံး အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မိမိတို့မြို့နယ်အတွင်း တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းအား မြို့ပေါ်ရပ်ကွက် (၁)ရပ်ကွက်နှင့် ကျေးရွာပေါင်း ၄၁ ရွာတွင် ကောက်ယူဆောက်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ကောက်ယူပြီးစီးရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းပူပေါင်း ဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝေလွင်ဦးက မြို့နယ်အတွင်း တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူမည့် လုပ်ငန်းအစီအစဉ်များနှင့် ပြည်သူလူထုပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြား သည်။
ထို့နောက် တက်ရောက်လာသည့်ဌာဆိုင်ရာများနှင့် ကျေးရွာရပ်မိရပ်ဖများက တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား(၂၂)ဦးတို့ ပူးပေါင်းပြီး မြို့ပေါ် ရပ်ကွက်(၁)ရပ်ကွက်နှင့် ကျေးရွာပေါင်း ၄၁ ရွာအား နိုဝင်ဘာ(၁)ရက် ယနေ့မှစပြီး ဒီဇင်ဘာ ၃၁ ရက်နေ့အထိပြီးစီးအောင် ကွင်းဆင်းကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)