ကော့သောင်း နိုဝင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် တိရစ္ဆာန်သန်းခေါင်စာရင်း စတင်ကောက်ယူရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကော့သောင်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ စာရင်းကောက်ယူရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာနိုင်တင်ထွဋ်က တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး ရည်ရွယ် ချက်များနှင့် ကောက်ယူမည့် လုပ်ငန်းစဉ်များအားလည်းကောင်း၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဇော်ဇော်ထွန်းက တိရစ္ဆာန်ကောင်ရေ စာရင်း ကောက်ယူခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုက နိုင်ငံတစ်နိုင်ငံတွင် ကိန်းဂဏန်း အချက်အလက် ဒေတာများစာရင်း မှန်ကန်ရန် လိုအပ်ကြောင်း၊ စာရင်းအချက်အလက် မှန်ကန်မှုရှိမှသာ နိုင်ငံအတွက် ကဏ္ဍအလိုက် လိုအပ်သည့် အရာများကို စီမံဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်း မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကိန်းဂဏန်းများ မှန်ကန်ရေးသည် လွန်စွာအရေးပါသည့်အတွက် သက်ဆိုင်ရာ ဌာနများနှင့် စာရင်းကောက်ယူရေးအဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်းကူညီပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်၍ ဘုရင့်နောင်ရပ်ကွက်အတွင်း တိရစ္ဆာန်ကောင်ရေစာရင်းကို စတင်ကောက်ယူရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် တာဝန်ရှိ သူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ကော့သောင်းမြို့နယ်တွင် ရပ်ကွက် (၃) ခု၊ ကျေးရွာအုပ်စု (၅) အုပ်စု၊ ကျေးရွာပေါင်း (၉) ရွာမှ တိရစ္ဆာန်ကောင်ရေ စာရင်းများကို နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)