ရှားတော အောက်တိုဘာ ၂၂
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်) ရန်ပုံငွေဖြင့် ရှားတောမြို့နယ်အတွင်း လျှပ်စစ်မီး မရသေးသည့် အခြေခံ ပညာကျောင်းများ အတွက် အိမ်သုံးဆိုလာနှင့်ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူတာ၊ ပရင်တာများနှင့် မီးစက်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ရှားတောမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်မောင် က ရှားတောမြို့နယ်အတွင်း ဝေးလံပြီး လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများမှ တာဝန်ထမ်းဆောင်နေကြသည့် ဆရာ/ ဆရာမများ အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အိမ်သုံး ဆိုလာများ၊ ကွန်ပျူတာများနှင့် ပရင်တာပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း၊ ယခုအခါမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်) ရန်ပုံငွေဖြင့် လျှပ်စစ်မီးမရသေးသည့် အခြေခံပညာကျောင်း(၇)ကျောင်းအား တစ်ကျောင်း လျှင် ဆိုလာနှင့် ဆက်စပ်ပစ္စည်း (၁) စုံစီနှင့် ယင်းကျောင်းများအနက် ကွန်ပျူတာ၊ ပရင်တာနှင့် ဆက်စပ်ပစ္စည်း (၃)စုံ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ရာ ယင်းပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းသုံးစွဲသွားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင် နှင့် ရှားတောမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ဦးစီးမှူး ဦးစူးရယ် တို့က လျှပ်စစ်မီးမရရှိသေးသည့် အခြေခံပညာကျောင်း (၇)ကျောင်းအတွက် ဆိုလာနှင့်ဆက်စပ်ပစ္စည်း(၇)စုံ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း(၃)စုံ နှင့် မီးစက်(၃)လုံးတို့ကို မြို့နယ်ပညာရေးမှူးနှင့် ကျောင်းဆရာ/ဆရာမများထံသို့ ထောက်ပံ့ပေးအပ် ခဲ့သည်။
ယင်းထောက်ပံ့ပေးအပ်ပွဲတွင် ရှားတောမြို့နယ်ရှိ ဝေးလံပြီး လျှပ်စစ်မီးမရရှိသေးသော ကျေးရွာများဖြစ်သည့် တေလဲကျေးရွာ၊ ဒေါတနောကျေးရွာ၊ ဒေါမူလဲကျေးရွာ၊ ဒေါတနော ကျေးရွာ၊ နားအွန်ကျေးရွာ၊ ဒေါကလဲတေကျေးရွာနှင့် ဆေးကိုလဲကျေးရွာ (၇)ရွာရှိ အခြေခံပညာကျောင်း (၇)ကျောင်းအတွက် ဆိုလာနှင့်ဆက်စပ်ပစ္စည်း(၇)စုံ၊ တေလဲကျေးရွာ၊ ဒေါတနောကျေးရွာ၊ နားအွန်ကျေးရွာ (၃)ရွာရှိအခြေခံပညာကျောင်း(၃)ကျောင်းအတွက် မီးစက်၊ ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
ထွန်းအောင်(ပြန်/ဆက်)