အထက်မင်းလှ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ အိမ်မွေးတိရစ္ဆာန်များနှင့် စီးပွားရေးအရ အရေးပါသော တိရစ္ဆာန်များ၏ ကောင်ရေစာရင်းကို အတိအကျရရှိ စေရန်၊ ကောက်ယူရရှိသော တိရစ္ဆာန်ကောင်ရေစာရင်းများအပေါ် အခြေပြု၍ တိရစ္ဆာန်မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုစေရန်၊ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ နိုင်ငံတော်၏ဦးတည်ချက်ကို ပြည်သူလူထုမှပိုမို နားလည်သဘောပေါက်စေရန် ရည်ရွယ်၍ တိရစ္ဆာန်စာရင်းစတင်ကောက်ယူခြင်းကို ယနေ့နံနက်(၈)နာရီခွဲက ပန်းတော်ပြင်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်တိရစ္ဆာန်စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က တိရစ္ဆာန်စာရင်းကောက်ယူရာတွင် ကျန်ရှိမှုမရှိစေရေးနှင့် စနစ်တကျ စာရင်းကောက်ယူခြင်း ဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဌာနမှူး ဒေါက်တာပွင့်မြတ်နိုးသိမ့်က တိရစ္ဆာန်စာရင်းကောက်ယူမည့် အစီအမံများ၊ Mobile Phoneတွင် CommCare Applicationအသုံးပြုပြီး တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းနှင့် စာရင်းရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ပန်းတော်ပြင်ကျေးရွာတွင် ဒေသခံပြည်သူ များမွေးမြူထားသည့် တိရစ္ဆာန်များအား စာရင်းယူခြင်း ဆောင်ရွက်ခဲ့ရာ မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရန်အတွက် မြို့နယ်အတွင်းရှိ ကျေးရွာ (၃၄) ရွာသို့ တိရစ္ဆာန်ကျန်းမာရေးလုပ်သား (၃၄) ဦးမှ စာရင်းကောက်ယူခြင်းကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ(၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ စာရင်းကောက်ယူမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)