ငဖဲမြို့နယ်၌ မြို့နယ်အဆင့်တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ

ငဖဲ နိုဝင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ မြို့နယ်အဆင့်တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေး အသိပညာပေးမြေစိုက် ပိုစတာစိုက်ထူခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲအချိန်က ငဖဲမြို့ ကျောင်းတွင်းရပ်ကွက် ပြည်သူ့ပန်းခြံရှေ့နှင့် ချောင်းဖြူကျေးရွာဓမ္မာရုံတို့တွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ “တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး” အသိပညာပေးမြေစိုက်ပိုစတာကို မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ကော်မတီဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာချစ်ချယ်ရီစိုးနှင့် ဝန်ထမ်းများကစုပေါင်း၍ စိုက်ထူဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ချောင်းဖြူကျေးရွာဓမ္မာရုံတွင် မြို့နယ်အဆင့်တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးဖွင့်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက တိရစ္ဆာန်ကောင်ရေစာရင်းများ တိကျမှန်ကန်စွာကောက်ယူနိုင်ရေး၊ လုပ်ငန်းများအောင်မြင်စွာ ကောက်ယူပြီးစီးနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ ချစ်ချယ်ရီစိုးက တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှုစာရင်းဇယားများ အတည်ပြုထုတ်ပြန်နိုင်ရန်၊ တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများ အားသုံးသပ်ပြင်ဆင်နိုင်ရန်နှင့် တိကျမှန်ကန်သော တိရစ္ဆာန်ကောင်ရေစာရင်းများရရှိနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာရင်းကောက်ယူရာတွင် မြေပြင်စာရင်းကောက်အဖွဲ့များ ဖွဲ့စည်းထားရှိ၍ သင်တန်းပေးထားပြီးဖြစ်ကြောင်း၊ စာရင်းကောက်ယူရာတွင် မြို့နယ်၏ ၂၀ ရာခိုင်နှုန်းဖြစ်သည့် ကျေးရွာ ၁၆ ရွာကို မြို့နယ်ဝန်ထမ်းများနှင့် စာရင်းကောက်အဖွဲ့များက Commcare Application ကို MobilePhone တွင် ထည့်သွင်းအသုံးပြုပြီး ကောက်ယူသွားမည်ဖြစ်ကြောင်းနှင့် ကျန်သည့် ၈၀ ရာခိုင်နှုန်းကျေးရွာများကို စီးပွားဖြစ်မွေးမြူရေးခြံစာရင်းတွင် ကောက်ယူသွားမည်ဖြစ်ကြောင်း  ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါက်တာချစ်ချယ်ရီစိုးနှင့် ဝန်ထမ်းများ၊ စာရင်းကောက်ယူရေးအဖွဲ့များက ချောင်းဖြူကျေးရွာအတွင်း ကွင်းဆင်း၍ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူဆောင်ရွက်လျက်ရှိကြောင်းနှင့် မြို့နယ်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းကို နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း ပြီးစီးအောင် ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)