အိမ်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

အိမ်မဲ အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံသုံးပစ္စည်းများကို တာဝန်ရှိသူများက ယမန်နေ့ နံနက် ၈ နာရီကစတင်၍ ထုတ်ပေးနေကြောင်း သိရသည်။

“ကျွန်မတို့အနေနဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံသုံးပစ္စည်းများဖြစ်တဲ့ မဲပုံး၊ ဆန္ဒပြုခန်း၊ မီးအိမ် အစရှိတဲ့ မဲရုံအတွက် လိုအပ်တဲ့ပစ္စည်းများကို ဒီနေ့ကစပြီး နယ်မြေ(၁)၊နယ်မြေ(၂)၊မနက်ဖြန် နယ်မြေ(၃)၊ နယ်မြေ(၄)နဲ့ နောက်တစ်နေ့မှာ နယ်မြေ(၅)ကို ထုတ်ပေးမှာပါ။ ယနေ့လာရောက်ထုတ်ယူ နေကြတာကတော့ နယ်မြေ(၁)နဲ့ နယ်မြေ(၂)မဲရုံများက တာဝန်ရှိတဲ့သူတွေဖြစ်ပါတယ်” ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဦးစီးအရာရှိ ဒေါ်ခိုင်ဆွေသက်က ပြောသည်။

အိမ်မဲမြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်ကျေးရွာအုပ်စု (၁၀၂) အုပ်စု၌ မဲရုံပေါင်း(၁၆၂)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ကျား(၇၁၈၁၈)ဦး၊ မ (၇၇၃၇၃)ဦး စုစုပေါင်း (၁၄၉၁၉၁)ဦးရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)