ကန်ကြီးထောင့် နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်တွင် စတင်ကောက်ယူခဲ့သည်။
မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းဇယားများအား အတည်ပြု ထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှု စံနှုန်းများအား သုံးသပ် ပြင်ဆင်နိုင်ရန်၊ မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကိန်းဂဏန်းများ မှန်ကန်ရေးတို့အတွက် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းများ ဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်လင်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကော်မတီဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်၊ မွေးမြူရးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာ (၇၇)ရွာကို စာရင်းကောက်သူအင်အား (၁၈၈)ဦးဖြင့် စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)