၂၀၂၃ ခုနှစ်၊ နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း စတင်ခြင်းအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော်   နိုဝင်ဘာ    ၁

၂၀၂၃ ခုနှစ်၊ နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း စတင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း က လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်၊ ကန္ဒရဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်နှင့်ခရိုင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး လုပ်ငန်းကော်မတီဝင်များနှင့် မွေးမြူရေးတောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်တွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် စိုက်ပျိုးမွေးမြူရေးကို တိုးတက်အောင်ဆောင်ရွက်ရာတွင် အာဟာရ ပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်သော အစားအစာများ ဖူလုံစွာထုတ်လုပ်ပေးနိုင်ရန် ကာလတို၊ ကာလရှည်စီမံကိန်းများ ချမှတ်ပြီးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တိရစ္ဆာန် ကောင်ရေစာရင်းသည် ပြောင်းလဲနေသည့်အတွက် စာရင်းကောက်ယူရေးလုပ်ငန်းသည် အရေးကြီး ကြောင်း၊ ပြည်နယ်အနေဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများ ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများ တိုးတက် စေရန် ခေတ်မီနည်းစနစ်များအဖြစ် ပြောင်းလဲမွေးမြူပြီး စီးပွားဖြစ်ဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်း၊ ပြည်နယ်၏မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တိရစ္ဆာန်ကောင်ရေ စာရင်းများ မှန်ကန်စေရေး စာရင်းကောက်ယူရေးအဖွဲ့များက စနစ်တကျကောက်ယူရန်နှင့် ပူးပေါင်းပါဝင် ဖြေကြားသူများက စနစ်တကျပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး လုပ်ငန်းနှင့်ပတ်သက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ရှင်းလင်းတင်ပြခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် မွေးမြူရေး တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ပြီး တိရစ္ဆာန်ကောင်ရေ ကောက်ယူနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နမ့်ဘော်ဝမ်ရပ်ကွက်ရှိ နို့စားနွား မွေးမြူထားရှိမှုအခြေအနေနှင့် လောဓမ္မရပ်ကွက်ရှိ မျိုးဝက်မွေးမြူရေးခြံတွင် ဝက်သားပေါက်များ မွေးမြူထားရှိမှုများကို သွားရောက်ကြည့်ရှုပြီး ဒေသတွင်းစားရေရိက္ခာဖူလုံရန် နို့စားနွားနှင့် ဝက်များ ပိုမိုတိုးချဲ့မွေးမြူနိုင်ရေး၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မွေးမြူရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက် ၍လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင်များ အား ပြောကြားခဲ့ကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)