ငါးသိုင်းချောင်း မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်

ငါးသိုင်းချောင်း   နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်း မြို့အထွေထွေအုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် မြို့စည်ပင်သာယာရေးအဖွဲ့နှင့် မြို့မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်း သရုပ်ပြ လေ့ကျင့်ခြင်းကို မြို့မစျေးတွင် ယမန်နေ့ ညနေ(၄) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးဝင်းနိုင်က မီးသတ်ဆေးဗူး အသုံးပြုပုံကို ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဆေးဗူးကို အသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်နည်းကို လက်တွေ့သရုပ်ပြသခဲ့ကြသည်။

အဆိုပါ မီးငြှိမ်းသတ်နည်း သရုပ်ပြ လေ့ကျင့်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်၊ မြို့မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ မြို့မစျေးကော်မတီဝင်များနှင့် စျေးသူ၊ စျေးသားများအား လက်တွေ့သရုပ်ပြသ လေ့ကျင့်ခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)