ပွင့်ဖြူ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ရာတွင် ဦးစွာမြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မိုးတွင်းကာလတွင် ဖြစ်ပွားလေ့ရှိသော မြစ်ရေကြီးမှုကြောင့် ကမ်းပြိုကျမှုအန္တရာယ်အပါအဝင် အခြားသောသဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများအနေဖြင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက်ကြိုတင်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို အထူးဂရုပြုလုပ်ဆောင်ကြရန်လိုအပ်ကြောင်းနှင့် နယ်မြေအတွင်း သဘာဝဘေးအန္တရာယ်နှင့် ထူးခြားဖြစ်စဉ်များဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်သတင်းပေးပို့၍ လိုအပ်သောအကူအညီများ ရယူဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဝင်းထွန်းနှင့် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည့် နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ဘီးစပ်ခုံကျေးရွာမှ အိမ်ထောင်စု(၂)စုအတွက် အိမ်ထောင်စုတစ်စုလျှင် လူနေအိမ်ပြောင်းရွှေ့စရိတ် ငွေကျပ်တစ်သိန်းစီနှင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင် ၆ ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုး ငွေကျပ် ၁၂၆၀၀၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၁၂၆၀၀ အား တာဝန်ရှိသူများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)