ဟင်္သာတ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ သပြုပင်ကျေးရွာအုပ်စု အိုင်ကြီးကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ယနေ့နံနက် (၉)နာရီအချိန်မှ စတင်၍ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စာရင်းကောက်ယူရာတွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးစီးမှူးဒေါက်တာ အောင်သူမျိုး၏ ဦးဆောင်မှုဖြင့် မြို့နယ်ဦးစီးမှူး ဒေါက်တာယုနန္ဒာအောင်နှင့် သင်တန်းပေးထားသော စာရင်းကောက်များမှ ကောက်ယူဆောင်ရွက်ခြင်းဖြစ်ပြီး စာရင်းကောက်ယူရာသို့ ခရိုင်နှင့် မြို့နယ် တိရစ္ဆာန်ကောက်ယူရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များက လိုက်ပါ၍ လိုက်လံကြည့်ရှုအားပေးကာ ကြီးကြပ် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်များတွင် ရပ်ကွက်(၁၀)၊ ကျေးရွာအုပ်စု (၇၆) အုပ်စု၊ ကျေးရွာ(၁၅၇)၊ အိမ်ထောင်စုအရေအတွက် ခန့်မှန်း (၁၈၉၅၄ )၊ စာရင်းကောက်ဦးရေ (၃၆၅)ဦး တို့အား စာရင်းကောက်ဝန်ထမ်း (၆)ဦးတို့မှ ကြီးကြပ် ၍ နိုဝင်ဘာ (၁)ရက်မှ ဒီဇင်ဘာ (၃၁)ရက်အထိ (၂)လတာအတွင်း တစ်မြို့နယ်လုံး စာရင်းကောက်ယူခြင်းလုပ်ငန်းအား ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း လုပ်ငန်းသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာ တွက်ချက်မှု စံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အစီအမံများ ချမှတ်ရေးဆွဲနိုင်ခြင်းစသော အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)