ကျောင်းကုန်း နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အကူသူနာပြုသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝး၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကျန်းမာရေး ကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးတင်မောင်က နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးဦးတည်ချက်၊ စီးပွားရေးဦးတည်ချက်၊ လူမှုရေး ဦးတည်ချက်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ "တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး" ဟူသော ဦးတည်ချက်နှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့်လည်း လူတိုင်း သက်တမ်းစေ့အသက်ရှည်စွာနေနိုင်ရေး၊ ရောဂါဘယ ကင်းရှင်းရေး ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အေးနိုင်က ယခု အကူသူနာပြုသင်တန်းကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ သင်တန်းကာလမှာ (၉)လကြာ မြင့်ခဲ့ကြောင်း၊ သင်တန်းသား၊ သင်တန်းသူ (၁၃)ဦး ဖြစ်ကြောင်း၊ ဘာသာရပ်(၁၁)ခုကို သင်တန်း ဆရာ/ဆရာမ (၁၂)ဦးက သင်ကြားပေးခဲ့ကြောင်း၊ သင်တန်းဆင်းကြသူအားလုံးဟာ ရန်ကုန်တိုင်းဒေသကြီးဆေးရုံသို့ တာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်း၊ ထူးချွန်သော အကူသူနာပြုသင်တန်းသူ (၃)ဦးအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပြီး၊ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ အဖွဲ့ဝင်(၃) ဦးမင်းသူအောင် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေး ကော်မတီဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေး ရာအဖွဲ့အတွင်းရေးမှူး ဒေါ်ခင်နေနွယ်စံနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သင်တန်းဆရာ/ဆရာမများ သင်တန်းသား၊ သင်တန်းသူ အကူသူနာပြုများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)