ပွင့်ဖြူ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားနပ်ရိက္ခာဖူလုံပိုလျှံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဆောင်းသီးနှံ ထောပတ်ပဲသီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၇၇၃၂ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေပြုပြင်ခြင်းလုပ်ငန်းများ ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးအတွက် ဈေးကွက်ရှိသည့် ထောပတ်ပဲသီးနှံအား စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာယခင်နှစ်က ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ထောပတ်ပဲသီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ် လုံး ၇၆၄၀ ဧက စိုက်ပျိုးဆောင်ရွက်ခဲ့ပြီး ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ထောပတ်ပဲသီးနှံအား ၇၇၃၂ ဧကအထိ လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရကာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ထောပတ်ပဲသီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းမှုရှိကာ စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
"ကျွန်မတို့ ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ဒေသခံတောင်သူတွေဟာ (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေက စက်တင်ဘာလ ဒုတိယပတ်က ရွာသွန်းတဲ့မိုးနဲ့ ဆောင်းသီးနှံများကို စိုက်ပျိုးလုပ်ကိုင်နေကြပြီဖြစ်ပါတယ်။ အဓိကစိုက်ပျိုးတဲ့ ဆောင်းသီးနှံတွေကတော့ ဖူးစားပြောင်း၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ပဲကြီး၊ မတ်ပဲ၊ ပဲကြား၊ ကုလားပဲ၊ ပဲလွမ်း ၊ ပဲယင်း ၊ ပဲပုတ် ၊ ထောပတ်ပဲသီးနှံများကို စိုက်ပျိုးကြပါတယ်။ ဒါ့အပြင် ကျွဲနွားတိရစ္ဆာန်အစာနဲ့ နေ့စဉ် ဝင်ငွေရရှိတဲ့ စားဖိုဆောင် သီးနှံမျိုးစုံတို့ကို စိုက်ပျိုးကြပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေက ထောပတ်ပဲသီးနှံ စိုက်ပျိုးရန်အတွက် လယ်ယာမြေများကို ထယ်ရေထွန်ယက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြပါတယ်။ ဒေသခံတောင်သူတွေကိုလဲ ဆောင်းသီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးကြဖို့ တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး သီးနှံအထွက်နှုန်း ကောင်းမွန်စေဖို့ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာများကိုလည်း ကျွန်မတို့မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရှိ နယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းတွေက ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)