တောင်ငူ နိုဝင်ဘာ ၁
၂၀၂၃ ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူမှုများ ပြုလုပ်မည်ဖြစ်ရာယနေ့ နံနက်ပိုင်းက မဟင်ကျေးရွာ ဆွမ်းလောင်းဓမ္မာရုံ၌ ဖွင့်ပွဲပြုလုပ်သည်။
ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေစိုးက အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းတွင် ကျေးရွာများမှ တစ်ပိုင်တစ်နိုင် မွေးမြူထားရှိသူများ၏ ၂၀ ရာခိုင်နှုန်း၊ စီးပွားဖြစ်မွေးမြူထားရှိသူများအား ရာနှုန်းပြည့်ကောက်ယူမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မဟင်ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင်များ၏ မွေးမြူထားရှိသည့် တိရစ္ဆာန်ကောင်ရေများအား Comcare Application ၌ ကောင်ရေစာရင်း ကိန်းဂဏန်းများ မှန်ကန်မြန်ဆန်စွာ စာရင်းထည့်သွင်းနိုင်ရန် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စာရင်းကောက်အဖွဲ့များက မြေပြင်ကွင်းဆင်း ကောက်ယူရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးသည်။
အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းကို တောင်ငူခရိုင်အတွင်း တောင်ငူမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ဖြူးမြို့နယ်နှင့် ရေတာရှည်မြို့နယ်များမှ ရပ်ကွက် (၁၀) ခု၊ ကျေးရွာ (၂၂၀)ရွာ၊ ခန့်မှန်းအိမ်ထောင်စုပေါင်း (၃၀၇၇၈) တို့တွင် တိရစ္ဆာန်ကောင်ရေများကို မြို့နယ်အလိုက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်း (၁၀) ဦး၊ စာရင်းကောက် ဦးရေ (၄၀)ဦးတို့ဖြင့် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ တိရစ္ဆန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာတွက်ချက်မှု စံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်ရည်ရွယ်၍ တိရစ္ဆာန်ကောင်ရေစာရင်းကို (၅) နှစ် (၁) ကြိမ် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)