စေတုတ္တရာ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝနိကြီးဌာန၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ခြင်ပစ်ကိုင်းအုပ်စု၊ ညောင်အိုင်ကျေးရွာစုရပ်ဆောင်တွင် ယနေ့နံနက်ပိုင်း၉နာရီက ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ မြို့နယ်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃ခုနှစ် "အမျိုးသားအဆင့်တိရစ္ဆာန်ကောင်ရေစာရင်း" ကောက်ယူခြင်းလုပ်ငန်းကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် မွေးမြူရေးကဏ္ဍဆိုင်ရာအချက်အလက်များအား ပြန်လည်သုံးသပ်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံချက်များ၊ မူဝါဒများချမှတ်ရာတွင် အထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဖိုးကျော်မင်းက တိရစ္တာန်ကောင်ရေစာရင်း ကောက်ယူရခြင်းရည်ရွယ်ချက်ဖြစ်သော မြန်မာနိုင်ငံအတွင်း စီးပွားရေးအရ အရေးကြီးသောတိရစ္ဆာန်များ၏ ကောင်ရေစာရင်းအတိအကျရရှိရန်၊ တိရစ္ဆာန်ကောက်ရေစာရင်းအပေါ် အခြေခံ၍ မွေးမြူဖွံ့ဖြိုးမှုတိုးတက်ရေးဆိုင်ရာ စီမံကိန်းများရေးဆွဲရာ၌ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း အစရှိသည့် ရည်ရွယ်ချက်နှင့် "တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး" ဆောင်ပုဒ်အတိုင်း ကျေးရွာနေပြည်သူများမှလည်း ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ပြောကြားခဲ့သည်။
အဆိုပါတိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးအခမ်းအနားသို့ မြို့နယ်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စာရင်းကောက်အဖွဲ့ဝင်များ၊ ကျေးရွာသူ၊ကျေးရွာသားများ တက်ရောက်ကြပြီးနောက် စေတုတ္တရာမြို့နယ်တွင် မြို့နယ်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူမည့် ကျေးရွာ(၁၅)ရွာဖြစ်သော ခိုဝင်၊ ခြင်ပစ်ကိုင်း၊ ညောင်အိုင်၊ တယ်ဇား၊ မကြီးစု၊ မထိမ်း(အနောက်)၊ မထိမ်း(အရှေ့)၊ မြေနီကုန်း ၊ မွန်ဇော် ၊ရွှေကျောင်း၊ သက်လယ်၊ အလယ်ပုံ၊ အောက်ပုံ၊ ကျောက်ဖူး ၊တောင်မြေနီကျေးရွာတို့ဖြစ်၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁) ရက်နေ့မှစတင်ကာ ဒီဇင်ဘာ(၃၁)ရက်နေ့အထိ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)