သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၂)ဦး ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ပြု

သဲကုန်း အောက်တိုဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့အတည်ပြုလူနာ(၂)ဦးမှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီဖြစ်၍ ယနေ့ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပိုးတွေ့လူနာ(၂)ဦးတို့သည် အောက်တိုဘာ ၁၄ ရက်နေ့မှစ၍ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ အတွင်းရှိ သံဃာဆောင်တွင် သီးသန့်ထားရှိပြီး ဆေးကုသဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ်ကာလ (၁၀)ရက် ပြည့်မြောက်သည့် အချိန်တွင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် တိုင်းဒေသကြီး ကိုဗစ်ကုသရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခြင်းဖြစ်ကြောင်း ကျန်းမာရေးဦးစီး ဌာနမှ သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အဆိုပါ(၂)ဦးအား မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုးမှ ရောဂါပျောက်ကင်း ကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး တာဝန်ရှိသူ  တစ်ဦးက Stay Home နေရမည့် စည်းကမ်းချက်များအား ဖတ်ပြ ရှင်းလင်းခဲ့ကာ သဲကုန်းမြို့ ပရဟိတနာရေးကူညီမှုအသင်းကားဖြင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးခဲ့​သည်။

သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၁၃)ဦးရှိခဲ့ရာ ပိုးတွေ့လူနာ(၁၁)ဦးမှာ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့် ပြုခဲ့သဖြင့် ယခုအခါသဲကုန်းမြို့နယ်တွင် ပိုးတွေ့လူနာ(၂) ဦးသာ ကျန်ရှိနေပြီး အဆိုပါ(၂)ဦးမှာလည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

နိုင်လင်း(သဲကုန်း ပြန်/ဆက်)