၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်း ဆွေးနွေးပို့ချ

ဖရူဆို    အောက်တိုဘာ ၂၂


၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ဖရူဆိုမြို့နယ်အတွင်းရှိ မဲရုံမှူးနှင့် ဒုမဲရုံမှူး ဆရာ/မများအား ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းကို ယမန်နေ့က မြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် လွိုင်ကော်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးညီညီမင်း၊ ဒီးမော့ဆိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ  ဦးအောင်သဲဦး၊ ဖရူဆိုမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အရာရှိ  ဦးစက်တင်ဦး၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးအောင်ကျော်ညွှန့်တို့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်များ ထုတ်ပြန်ခြင်း၊ ပုံစံ(၁၆) ဖြည့်သွင်းခြင်းနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပိုးမှု၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ၊ မဲရုံတွင် လိုအပ်မည့်ပုံစံများနှင့် မဲရုံတည်ဆောက်ခြင်းပုံစံတို့ကို ဆွေးနွေးပို့ချပေးကြသည်။ 
ဖရူဆိုမြို့နယ်တွင် မဲရုံ(၃၇)ရုံရှိပြီး မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် ဒုမဲရုံမှူးများ အား အဖွဲ့(၂)ဖွဲ့ခွဲ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ လမ်းညွန် ချက်များနှင့်အညီ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို (၂) ရက်ခွဲပြီး ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
တောရယ်(ပြန်/ဆက်)