မောက်မယ် နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ “e-ID စနစ်ဖြင့် လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်ကြပ်စို့” ဆောင်ပုဒ်နှင့်အညီ ဟိုနမ့်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် Biometric Data ကောက်ယူခြင်းလုပ်ငန်းစဉ်များကို ယမန်နေ့မှ နံနက်ပိုင်းမှစ၍ ဥယာစန်းဘုန်းတော်ကြီးကျောင်းတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။
လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biometric Data အချက်အလက်များ ကောက်ယူထုတ်ပေးရာတွင် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များအား ဦးစွာကောက်ယူထုတ်ပေးပြီး ကျေးရွာအုပ်စုများရှိ တိုင်းရင်းသားပြည်သူများကိုလည်း ကျေးရွာအလိုက် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ Biometric Data အချက်အလက်များထုတ်ပေးခြင်းအားဖြင့် ပြည်သူများ၏ လူမှုစီးပွား ရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန် ၊ Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသည့်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်ရန်အတွက် ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ SIMကတ်မှတ်ပုံတင်ခြင်း၊ ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုများ၊ နိုင်ငံကူးလက်မှတ်၊ ပြည်ပအလုပ်အကိုင်သက်သေခံကတ်၊ယာဉ်မောင်းလိုင်စင်စသည့် ဝန်ဆောင်မှုလုပ်ငန်းများ လျှောက်ထားရာတွင် ပိုမိုလွယ်ကူလျင်မြန်စွာ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ UIDနံပါတ်ကိုင်ဆောင်သူများအား Nation ID(NID) Smart Cardထုတ်ပေးခြင်းကို နောက်တစ်ဆင့်အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးငွေထွန်း ထံမှသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)