မန္တလေး၊ အောက်တိုဘာလ ၂၂
စားဖိုချောင်သီးနှံများမှ တစ်မျိုးဖြစ်သော ခရမ်းချဉ်သီး သီးနှံဈေးသည် တစ်လအတွင်းမှာ ထက်ဝက် ကျော်ကျဆင်းနေတယ်လို့ ခရမ်းချည်သီး စိုက်ပျိုးရောင်းဝယ်လုပ်ကိုင်နေသူများထံမှ သိရသည်။
မန္တလေးဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော ခရမ်းချဉ်သီးမှာ ရှမ်းပြည်တောင်ပိုင်းမှာစိုက်ပျိုးပြီး တင်ပို့မှုမှာလည်း အများဆုံးဖြစ်ကြောင်းသိရသည်။
“ခရမ်းချဉ်သီးက တော်တော်ထွက်နေသေးတယ်၊ ဈေးက တစ်ပိသာ ၃၀၀ လောက်ပဲရှိတော့တယ်၊ ဈေးကျတယ်၊ပြီးခဲ့တဲ့လက တစ်ထောင့်သုံးရာကျပ်ကနေတစ်ထောင့်ခြောက်ရာကျပ်အထိတက်ခဲ့တယ်။ ကိုဗစ်ကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲသွားတာရယ် စားသုံးသူတွေဝယ်ယူမှုနည်းသွားတဲ့ အတွက်ဈေးကျသွားတယ်၊ ခရမ်းချဉ်သီးက အခုဈေးကျပေမယ့် ပြီးခဲ့တဲ့လပိုင်းက ဈေးတက်ထားတာ ရှိတော့ ပြီးခဲ့တဲ့လတုန်းက စိုက်ပျိုးခဲ့တဲ့သူတွေကျတော့ အဆင်ပြေတယ်ဆိုပေမယ့် ဒီလမှာထွက်တဲ့ တောင်သူတွေ ကျတော့ အခက်ခဲတွေဖြစ်သွားတယ်”ဟု ပင်လောင်းမြို့မှ ခရမ်းချဉ်သီးစိုက် တောင်သူ ကိုအောင်ဆန်းက ပြောသည်။
ခရမ်းချဉ်သီးကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကလော၊ အောင်ပန်း၊ ပင်းတယ၊ ညောင်ရွှေစတဲ့ ဒေသတွေမှာ အများဆုံးစိုက်ပျိုးကြပြီး မန္တလေးအပြင် ရန်ကုန်ကိုလည်း တင်ပို့ရောင်းချကြကြောင်း ခရမ်းချည်သီး စိုက်ပျိုး ရောင်းချသူများထံမှ သိရသည်။
ထိပ်ထားနိုင်