ကျောင်းကုန်းမြို့၌ တိရစ္ဆာန်ကောင်ရေစာရင်းကွင်းဆင်းကောက်ယူ

ကျောင်းကုန်း နိုဝင်ဘာ ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး‌ဦးစီးဌာနမှ ၂၀၂၃ ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မိုးပြာအရှေ့အုပ်စု၊ အလယ်စုကျေးရွာ၌ ယနေ့နံနက် ၈း၃၀ နာရီ အချိန်ခန့်က ကွင်းဆင်းကောက်ယူခဲ့သည်။

ကျောင်းကုန်းမြို့နယ်အတွင်း ကျေးရွာအုပ် စု(၅၁)အုပ်စုမှ ကျေးရွာ(၈၂)ရွာနှင့် ရပ်ကွက်(၂)ခုတို့အား ယနေ့မှစတင်၍ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ ကွင်းဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိရစ္ဆာန်ကောင်ရေစာရင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အတွင်းရေးမှူး ရဲမှူး အောင်နိုင်ဦး၊ အဖွဲ့တင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ မြို့နယ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး လုပ်ငန်းကော်မတီဝင်များ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကြည်ကြည်မြင့်နှင့် ဝန်ထမ်းများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)