ဇလွန်မြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း စတင်ကောက်ယူ

ဇလွန် နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျုံတနော်တောင်ကျေးရွာအုပ်စု ကျုံတုန်းကျေးရွာတွင် မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီမှစတင်၍ တိရစ္ဆာန်ကောင်ရေစာရင်း စတင်ကောက်ယူခြင်း လုပ်ငန်းများ​ ဆောင်ရွက်ခဲ့ကြသည်။

ကျုံတနော်တောင်ကျေးရွာအုပ်စု ကျုံတုန်းကျေးရွာတွင် တိရစ္ဆာန်ကောင်ရေစာရင်း စတင် ကောက်ယူရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလေးမွန်ကြည်က နှစ်အလိုက်တိရစ္ဆာန်ကောင်ရေစာရင်းအား ခန့်မှန်းအတည်ပြုနိုင်ရန်၊ မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်လုပ်ငန်း စီမံကိန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဇလွန်မြို့နယ်တွင် ရပ်ကွက် (၁) ခု၊ ကျေးရွာအုပ်စု (၄၅) အုပ်စုရှိ၊ ကျေးရွာ (၉၁) ရွာနှင့် စီးပွားဖြစ်မွေးမြူရေးခြံများကို စာရင်းကောက်အင်အား (၁၃၄) ဦးဖြင့် Conncare Application ကိုအသုံးပြု၍  ( ၁.၁၁.၂၀၂၃ ) ရက်နေ့မှ (၃၁.၁၂.၂၀၂၃) ရက်နေ့အထိ စာရင်းကောက်ယူရေးသွင်းမည်ဖြစ်ပြီး တိရစ္ဆာန်ကောင်ရေစာရင်း စတင်ကောက်ယူမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)