မြန်အောင် နိုဝင်ဘာ ၁
မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာ တွက်ချက်မှု စံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက် ရာတွင်အခြေခံကိန်း ဂဏန်းများမှန်ကန်ရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး လုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့နယ် ညောင်မြစ်ဆွဲကျေးရွာ/အုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာအေးသင်္ဂီသင်း၊ ဌာနဆိုင် ရာအကြီးအကဲများနှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ စာရင်းကောက်သူများ တက်ရောက်ခဲ့ကြပြီး ကျေးရွာအတွင်း တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး လုပ်ငန်းဆောင်ရွက်မှုအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
မြန်အောင်မြို့နယ်အတွင်း ရပ်ကွက်(၅)ခု၊ ကျေးရွာအုပ်စု (၄၆) အုပ်စု၊ ကျေးရွာပေါင်း (၁၀၃) ရွာ ခန့်မှန်းအိမ်ထောင်စု (၁၀၈၅၇)စု၊ စာရင်းကောက်အင်အား(၅၀)ဦးတို့အား ဌာနဝန်ထမ်း(၃) ဦးမှ ကြီးကြပ်၍ စာရင်းကောက်ယူခြင်းလုပ်ငန်းအား ဒီဇင်ဘာလ ၃၁ ရက် နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မြန်အောင်ခရိုင် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ မြို့နယ်များတွင် ရပ်ကွက် (၈)ခု၊ ကျေးရွာအုပ်စု (၁၂၆)အုပ်စု၊ ကျေးရွာ(၂၈၃)ရွာ ခန့်မှန်း အိမ်ထောင်စု (၂၈၇၉၃) စာရင်းကောက်ဦးရေ (၁၁၅)ဦးတို့အား စာရင်းကောက်ဝန်ထမ်း (၁၀)ဦးတို့မှ ကြီးကြပ်၍ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းအား (၁.၁၁.၂၀၂၃ မှ ၃၁.၁၂.၂၀၂၃)ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)