ကျိုက်လတ် နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂) ဦးစိန်မြင့်၊ အဖွဲ့ဝင်(၃) ဦးထွန်းဆွေ၊ အတွင်းရေးမှူး ရဲမှူးထွန်းဦးတို့က လုံခြုံရေးနှင့် ပတ်သက်၍ မိမိတို့ရပ်ရွာတွင် ထူးခြားမှုရှိပါက မြို့နယ်သို့ အချိန်မီ သတင်းပေးပို့ကြရန်၊ ရပ်ရွာများတွင် လောင်းကစားဝိုင်းများ မဖြစ်ပေါ်စေရေးနှင့် ဖြစ်ပေါ်ပါက အချိန်မီ သတင်းပေးပို့ကြရန်၊ နယ်မြေအတွင်း လူစိမ်းများတွေ့ပါက သတိထားနေထိုင်ကြရန်၊ လုံခြုံရေး အသိ၊ လုံခြုံရေး သတိများဖြင့် နေထိုင်ကြပြီး ကျေးရွာဝင်ပေါက်ထွက်ပေါက်များကို မီးကင်းနှင့် လုံခြုံရေးအဖွဲ့များထားရန်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း ကူညီဆောင်ရွက်ရန်၊ မိမိရပ်ရွာဒေသများ အမြဲသန့်ရှင်းနေရေး ဆောင်ရွက်ရန်နှင့် ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်း၍ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်