ကျိုက်လတ် နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့နှင့် နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပိုက်ဆံလျှော်နှင့် ဆောင်းနေကြာကို လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် မိမိတို့မြို့နယ်အတွင်းရှိ ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများကို အချိန်မီ စိုက်ပျိုးနိုင်ရေး မျိုးစေ့များ ပေးအပ်ရခြင်းဖြစ်ပြီး သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးကို မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များက အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားကြရန် ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဖုန်းနှင့် စိုက်/တိုး/မြှင့် အဖွဲ့ဝင်များက ပိုက်ဆံလျှော် မျိုးစေ့ နှင့် နေကြာမျိုးစေ့ စိုက်ပျိုးမည့် ကျေးရွာအုပ်စုများရှိ တောင်သူများအတွက် ပိုက်ဆံလျှော်မျိုးစေ့နှင့် နေကြာ မျိုးစေ့များကို သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်