သဲကုန်း နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီသာယာလှပစေရန်၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ် အလိုက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လမ်း၊ တံတားလုပ်ငန်း ၁၅မျိုး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်အတွင်း မြို့အင်္ဂါရပ်နှင့်အညီ လှပဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေ (၅၇၁၁၅၈)သန်းဖြင့် ကွန်ကရစ်လမ်းများနှင့် ကွန်ကရစ်တံတားများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်၍ သဲကုန်းမြို့၊ ပုတီးကုန်းမြို့၊ အင်းမမြို့၊ ဆင်မြီးဆွဲမြို့များတွင် ကွန်ကရစ်လမ်း(၇)လမ်းနှင့် တံတား(၈)စင်းအား ကွန်ကရစ်တံတားများအဖြစ် သတ်မှတ်ကာလများအတွင်း အချိန်မီပြီးစီးနိုင်ရေး၊ အရည်အသွေးပြည့်မီခိုင်ခန့်နိုင်ရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြို့ပေါ်ရပ်ကွက်များအတွင်း ကွန်ကရစ်လမ်းများ၊ ကွန်ကရစ်တံတားများ ဆောင်ရွက်ပေးသည့်အတွက် ဒေသခံပြည်သူများ ကျောင်းသား၊ လူငယ်များနှင့်စျေးရောင်း စျေးဝယ်ကုန်သည်များ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများတွင် လွယ်ကူလျင်မြန်စွာ အခက်အခဲမရှိ သွားလာနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။
ကိုကျော် (ပြန်/ဆက်)