မအူပင်မြို့တွင် ၂၀၂၃ ခုနှစ်၊ အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆောင်ရွက်

မအူပင် နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၃ ခုနှစ်၊ အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းကို ယနေ့နံနက် (၈)နာရီက ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူနေမှုအား ခရိုင်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

မအူပင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၆)အုပ်စု၊ ကျေးရွာ (၄၄၂)ရွာ ရှိသည့်အနက် မြို့ပေါ်(၂)ရပ်ကွက်နှင့် ကျေးရွာ (၉၁)ရွာအား တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူသွားမည်ဖြစ်ပြီး ကျန်ရှိသည့် (၈၀)ရာခိုင်နှုန်းသော ရပ်ကွက်၊ ကျေးရွာများရှိ စီးပွားဖြစ် မွေးမြူရေးခြံစာရင်းများကို ဆက်လက်ကောက် ယူသွားမည်ဖြစ်ကြောင်း မအူပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မျိုးမင်း ထံမှသိရသည်။

မအူပင်ခရိုင် (ပြန်/ဆက်)