မကွေး အောက်တိုဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာ ၂၉ ရက်က အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ရဟန်းရှင်လူ ပြည်သူ တစ်သိန်းခန့် လာရောက်ခဲ့ကြောင်း မကွေးမြသလွန်စေတီတော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ဗုဒ္ဓဘာသာတို့၏ နေ့ထူနေ့မြတ် တစ်ရက်ဖြစ်သည့် သီတင်းကျွတ်လပြည့်ည (အဘိဓမ္မာအခါ တော်နေ့)က မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးတွင် ဆီမီး ၉၀၀၀ ၊ ပန်း ၉၀၀၀၊ နံ့သာ ၉၀၀၀ ထွန်းညှိ၊ ကပ်လှူပူဇော်ပွဲကိုကျင်းပခဲ့ပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိ သူများ၊ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာရောက်ကြသူများနှင့် ကပ်လှူပူဇော်ရေးအသင်းအဖွဲ့များက မြသလွန်ဘုရားကြီး ပရဝုဏ်အတွင်းနှင့် ဧရာဝတီမြစ်ကမ်းဘေး ဘုရားစောင်းတန်းတစ်လျောက်၌ နှမ်းဆီ ပိဿာချိန် ၂၃၀ ခန့် အသုံးပြု၍ ဆီမီးခွက်၊ မီးစာတို့ဖြင့် ထွန်းညှိ၊ ကပ်လှူ ပူဇော်ခဲ့ကြောင်း သိရသည်။
မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လဆန်း (၁၀)ရက်မှ သီတင်းကျွတ်လကုန်အထိ ရက်ပေါင်း(၂၀)ကြာ အစဉ်အလာမပျက် ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ဘုရားပွဲတော်ကြီးအား ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီရပ်နားထားခဲ့ပြီး ယခုနှစ်မှသာ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးတွင်း ဈေးဆိုင်တန်းများ၊ စားသောက်ဆိုင်များ၊ ကစားကွင်းများ၊ ဒေသထွက်ကုန်အရောင်းဆိုင်များနှင့် အညာဒေသ ရိုးရာမုန့်ဆိုင်တန်းများဖြင့် ခင်းကျင်းရောင်းချပေးလျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများဖြင့် နေ့စဉ် အထူးစည်ကားများပြားလျက်ရှိကြောင်း၊ မကွေးမြသလွန်ဘုရားပွဲတော် ကျင်းပသည့် ကာလတစ်လျောက်တွင် သီတင်းကျွတ်လပြည့်နေ့သည် နှစ်စဉ်နှစ်တိုင်း အစည်ကားဆုံးဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)