၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဖာပွန် အောက်တိုဘာ ၂၂

ကရင်ပြည်နယ် ဖာပွန်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းတာဝန်ခွဲဝေကြီးကြပ်မှု ညှိနှိုင်းဆွေးနွေးခြင်းများကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောဘူးသောက ကြိုတင်ဆန္ဒမဲပေးရ မည့် မဲဆန္ဒရှင်အမျိုးအစားများနှင့် ကြိုတင်ဆန္ဒမဲပေးရမည့်ရက်များ၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ကြီးကြပ်တာဝန်ယူမည့် နယ်‎မြေအလိုက် တာဝန်ခွဲဝေမှုနှင့် နယ်မြေအခြေအနေများအား ရှင်းလင်းပြောကြားပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မင်းထွန်းက မိမိတို့ကော်မရှင်အနေဖြင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ခရိုင်အဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြား ပေးခြင်း၊ မဲရုံဝန်ထမ်း လိုအပ်ချက်များ၊ နောက်ဆက်တွဲ မဲစာရင်းထည့်သွင်းခြင်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)