ဖောင်းပြင်မြို့နယ်၌ အထွက်နှုန်းကောင်း၊ ဈေးကောင်းရသည့် မြေထောက်ပဲစိုက်ပျိုး

ဖောင်းပြင် အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဆောင်းသီးနှံများကို စတင်စိုက်ပျိုးကြပြီဖြစ်ရာ အထွက်နှုန်းကောင်းကာ ဈေးကောင်းရရှိသည့် မြေထောက်ပဲကို တောင်သူအများစု စိုက်ပျိုးကြ ကြောင်း သိရသည်။

မြေထောက်ပဲတစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ ၂ တင်းနှင့် ၈ ပြည် ကုန်ကျပြီး အောင်မြင် ဖြစ်ထွန်းပါက ရိတ်သိမ်းရချိန်တွင် တင်း ၂၀ မှ ၄၀ အထိထွက်ရှိကြောင်း၊ မြေအမျိုးအစားအလိုက် အထွက်နှုန်းကွာဟမှုရှိကြောင်း၊ မြေထောက်ပဲကို နှုန်းမြေနုနှင့် နှုန်းမြေစေးတို့တွင် စိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းကြောင်း၊ ပဲအထွက်နှုန်းမှာ အခြားပဲများထက်ပိုကြောင်း၊ ဈေးကောင်းရရှိပါက ပို၍တွက်ခြေကိုက်ကြောင်း ပိုးစာကုန်း ကျေးရွာမှ ပဲစိုက်တောင်သူထံမှ သိရသည်။

ယခင်နှစ်က မြေထောက်ပဲတစ်တင်းလျှင် ၈၀၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်၊ ပုဂံပဲတစ်တင်းလျှင် ၈၀၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်၊ ပဲစာဥ တစ်တင်းလျှင် ၈၀၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်၊ ပဲယင်း တစ်တင်းလျှင် ၄၅၀၀၀ ကျပ်နှင့် မြေပဲဆန်တစ်တင်းလျှင် ၁၀၀၀၀၀ ကျပ် မှ ၁၂၀၀၀၀ ကျပ်အထိ အသီးသီးဈေးရရှိကြကာ ပဲစိုက်တောင်သူများ အဆင်ပြေခဲ့ကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)