မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအခမ်းအနား ကျင်းပ

မကွေး အောက်တိုဘာ ၃၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီအချိန်က မြသလွန်စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့သို့လောင်းလှူရာတွင် မကွေးမြို့ပေါ်ရှိ စာသင်တိုက်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများမှ ပင့်သံဃာဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီး/ဆရာလေး ၁၁၉ ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆေးဝါးများနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းမျိုးစုံတို့ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မကွေးတပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆက်ကပ်လောင်းလှူပူဇော်ခဲ့ကြသည်။

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ရောက်တိုင်း ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိကြောင်း၊ ယခုအခါ မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို သီတင်းကျွတ်လဆန်း (၁၀)ရက်မှ သီတင်းကျွတ်လကုန်အထိ ရက်ပေါင်း (၂၀)ကြာ အစဉ်အလာမပျက် ကျင်းပပြုလုပ်လျက်ရှိပြီး၊ ဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများ၊ လာရောက်လည်ပတ်ကြသူများဖြင့် နေ့ညမပြတ် အထူးစည်ကားလျက်ရှိကြောင်း မကွေးမြသလွန်စေတီတော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)