ဘားအံ အောက်တိုဘာ ၃၁
၂၀၂၃ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းသားအားကစားပွဲ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိ ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပလျက်ရှိရာ အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြသည်။
အခြေခံပညာကျောင်းသားအားကစားပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မြဝတီမြို့နယ်အမျိုး သမီးဘောလုံးအသင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသမီးဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမများ၊ ဘောလုံးအားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် အပြန်အလှန်သွင်းဂိုးများဖြင့် မြဝတီမြို့နယ် အမျိုးသမီးအသင်းက ငါးဂိုးလေးဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး ဗိုလ်လုပွဲစဉ်အပြီးတွင် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က ဗိုလ်လုပွဲနေ့ အကောင်းဆုံးအားကစားသမားဆုကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၃၁ ရက်နေ့ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အပြီးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ သီတင်းကျွတ်လပြည့်ကျော်(၁)ရက် မီးပုံး(၁၀၀၀)ထွန်းညှိပူဇော်ပွဲနှင့် စတုဒိသာအလှူကို ညနေ ၅ နာရီခွဲခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကန်သာယာ ဦးပေါက်တံတားနှင့် ဦးပေါက်လမ်းတွင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီး၍ သီတင်းကျွတ်လပြည့်မီးပုံး (၁၀၀၀) ထွန်းညှိပူဇော်ထားသော ဦးပေါက်လမ်းတွင် ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များက လက်ဖက်၊ ရေခဲမုန့်၊ ကြာဇံကြော်၊ အကြော်စုံ၊ ရွှေရင်အေး၊ မြန်မာမုန့်အမျိုးမျိုး၊ အအေးနှင့် အချိုရည်အမျိုးမျိုး၊ ဒေသထွက်အစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက ဘားအံမြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာများ၊ ပတ်ဝန်းကျင်ဒေသများရှိ တိုင်းရင်းသားပြည်သူများ၊ ခရီးသွားဧည့်သည်များနှင့်အတူ တည်ခင်းထားသော အစားအစာများအား အတူတကွသုံးဆောင်၍ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)