လိပ်သို အောက်တိုဘာ ၃၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ဌာနဆိုင်ရာများနှင့် မြို့နေဗုဒ္ဓဘာသာဝင် မိသားစုများမှ စုပေါင်း၍ မဟာဘုံကထိန်လှည့်လည်ပွဲကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
စုပေါင်းမဟာဘုံကထိန်လှည့်လည်ပွဲတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အသီးသီးမှ ပဒေသာပင်များကို ရန်ကြီးအောင်ဘုန်းတော်ကြီးကျောင်း၌ စုရပ်ပြု၍ လိပ်သိုမြို့တွင်း တောင်ငူ-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်နှင့် မြို့ပေါ်/ရပ်ကွက် အတွင်းသို့လှည့် လည် သယ်ဆောင်ကာ ပူဇော်ခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းအချိန်တွင် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းကြရာ ရန်ကြီးအောင်ကျောင်း တိုက်ဆရာတော်မှ ကထိန်အလှူရေစက်ချ အနုမောဒနာတရားဟောကြားတော်မူပြီး လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချအမျှဝေခဲ့ကြောင်းနှင့် ညနေ ၃ နာရီအချိန်တွင် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့အဆင့်ဌာနဆိုင်ရာများ၊ မြို့သူ/မြို့သားများကဆွမ်းဆန်နှင့်လှူဖွယ်ပစ္စည်းမျိုးစုံတို့ကို စုပေါင်း ၍ လောင်းလှူခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)