မင်းလှမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ပင်စင်စားများအား နေ့အလိုက် ထုတ်ပေး

အထက်မင်းလှ အောက်တိုဘာ  ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယမန်နေ့မှ စတင်၍ လူစုလူဝေး မဖြစ်ပေါ်စေရေး ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင် လာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်   စနစ်တကျရှိစေရန် သုံးပေအကွာစည်းများပြုလုပ်‌ပေးထားခြင်း၊ လက်ဆေး ဘေစင်များ ပြုလုပ်ထားခြင်းများကို မင်းလှမြို့နယ် မြန်မာ့စီးပွား‌ရေးဘဏ်မှ စီမံဆောင်ရွက်ထားသည်။

အဆိုပါ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက်  အောက်တိုဘာ ၂၁ ရက် နေ့မှ   ၂၇  ရက် နေ့အထိ မင်းလှမြို့နယ်အတွင်းရှိရပ်ကွက် /ကျေးရွာများမှ ပင်စင် စားများအား‌ နေ့စဉ် နံနက် ၇  နာရီမှ ညနေ ၃ နာရီအထိထုတ်ပေးလျက်ရှိသည်။ ထို့ပြင် သတ်မှတ်ရက်များတွင်  လာရောက် ထုတ်ယူခြင်း မရှိသော အငြိမ်းစားများအား  နိုဝင်ဘာလဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ ပင်စင် များကို ထုတ်ပေးမည်ဖြစ်ပြီး၊ မင်းလှမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၁၆၀၆) ဦးခန့်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်တင်တင်ဌေးထံမှ သိရသည်။

ဇာဇာ (အထက်မင်းလှ)