မြန်အောင်မြို့ တာဝတိံသာမြတ်စွာဘုရားကြီး(၁၃၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားဆင်းပွဲတော် ကျင်းပ

မြန်အောင် အောက်တိုဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ တာဝတိံသာမြတ်စွာ ဘုရားကြီး (၁၃၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားဆင်းပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မြန်အောင်မြို့ တာဝတိံသာဘုရားဇောင်းတန်းမှ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် နတ်ဒေဝါများ ခြံရံလျက် ကြွမြန်းတော်မှုပြီး သံဃာတော် (၁၃၆)ပါး ခြံရံ၍ မြန်အောင်မြို့အတွင်းသို့ ​ဒေသစာရီ ကြွမြန်းတော်မှုခဲ့သည်။

ဗုဒ္ဓပူဇနိယဘုရားဆင်းပွဲတော်တွင် ဘုရားအမှူးရှိသော သံဃာတော်(၁၃၆)ပါးတို့မှ မြို့အတွင်းသို့ ဒေသစာရီကြွမြန်းရာ လမ်းတစ်လျှောက်၌ မြို့နယ်သူမြို့နယ်သားများမှ ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)