လွိုင်ကော် အောက်တိုဘာ ၃၁
ကယားပြည်နယ်၊ လွိုင်ကော်မြို့ သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော် ပရဝုဏ်အတွင်း၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဆီမီး (၁၀၀၀၀) ကပ်လှူပူဇော်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူးနှင့် မြို့နာမ်ရွှေစေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌတို့က သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဆီမီး(၁၀၀၀၀) ကပ်လှူပူဇော်ပွဲအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပေးခဲ့သည် ထို့နောက် ဂန္ဓကုဋီတိုက်အတွင်းရှိ သီတင်းသုံးတော်မူသောမြတ်စွာဘုရားအား ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ်ခြင်းကိုလည်းကောင်း၊ မင်္ဂလာအချိန်တွင် စေတီတော်၏အထက်ပစ္စယံမှ ဆီမီးထွန်းညှိဆက်ကပ် ပူဇော်လှူဒါန်းခြင်းကိုလည်းကောင်း၊ အရဟတာဒိ၊ နဝဂုဏေဟိ အစရှိသော ပန်း၊ ရေချမ်း၊ ဆီမီးပူဇော်သည့် ဂါထာဖြင့်ရွတ်ဆိုပူဇော်ခြင်းကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆီမီး(၁၀၀၀၀) ကပ်လှူပူဇော် နေမှုအားလက်ယာရစ် လှည့်လည်ကြည့်ရှုပြီး သတ်မှတ်ထားသည့် မီးပုံးပျံကွင်း၌ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့ သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော်၌ ကျင်းပပြုလုပ်သည့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဆီမီး(၁၀၀၀၀) ကပ်လှူဒါန်းပူဇော်ပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းများ နှင့် ရပ်ကွက်ကျေးရွာနေပြည်သူများ၊ ဘုရားဖူးလာရောက်ကြသူများတို့က ဆီမီး(၁၀၀၀၀) ကပ်လှူပူဇော်ခြင်း၊ မီးပုံးပျံများလွှတ်တင်ပူးဇော်ခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ စုပေါင်းကျင်းပဆောင်ရွက်ခဲ့ကြပြီး၊ ဘုရားဖူးလာပြည်သူများအား စတုဒီသာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သတင်းရရှိသည်။
ပြည်နယ် (ပြန်/ဆက်)