နေပြည်တော် အောက်တိုဘာ ၃၀
တာချီလိတ်
သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံဘုရား စေတီတော်ကြီး၌ ဆီမီး ၁၀၀၀ ကို စစ်ဗျူဟာအခြေချ ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းများ၊ ဒေသနေတိုင်းရင်းသားပြည်သူများ၊ ရပ်နီးရပ်ဝေး ခရီးသွားဧည့် သည်များက စုပေါင်းကုသိုလ်ယူ ထွန်းညှိပူဇော်ခဲ့ကြသည်။
အေးအေးလတ်
သထုံ
ဗုဒ္ဓဘာသာဝင် ပြည်သူတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် သထုံမြို့ရှိ တန်ခိုးကြီး ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ရွာအတွင်းတို့၌ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းတို့ဖြင့် စည်ကားလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူများက စတုဒိသာများကျွေးမွေးခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်း၊ တရားသဘင်များဆင်ယင်ကျင်းပခြင်း၊ စုပေါင်းတရားနာယူခြင်းတို့ဖြင့် ဝါလကင်းလွတ်သီတင်းကျွတ်ကာလ ကုသိုလ်တရားများဖြင့် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
တာမွေ
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ လပြည့်နေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများနှင့် ရန်ကုန်မြို့အပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးပင်စည်ကားလျက်ရှိပြီး ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများအား အများပြည်သူဖူးမြော်ကြည်ညို နိုင်ရေးအတွက် နံနက်(၅)နာရီမှ ည(၈)နာရီခွဲအချိန်အထိ ဖွင့်လှစ်ပေးထားပြီး စနေ၊ တနင်္ဂနွေနှင့် နေ့ထူးနေ့မြတ် ကျန်အစိုးရရုံးပိတ်ရက်များ၌လည်း အဆိုပါအချိန်အတိုင်း ဖွင့်လှစ်ပေးထားရာ မည်သူမဆို စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်၍ ကုသိုလ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)
သာပေါင်း
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ကို သာပေါင်းမြို့နယ်ရှိ ဘုရားကျောင်းကန်များတွင် ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ (၉) ပါး သီလခံယူဆောက်တည်ကြကာ ဝိပဿနာ ဘဝနာတရားများကျင့်ကြံအားထုတ်သူများ၊ ပရိတ်ပဋ္ဌာန်းတရားတော်ရွတ်ဖတ်ပူဇော်သူများ၊ ဆီမီးကပ်လှူပူဇော်သူများ ဖြင့် အေးချမ်းသာယာစွာ ကုသိုလ်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း(သာပေါင်း)
တောင်ကုတ်
ဗုဒ္ဓဘာသာ၀င်တို့၏ အထွဋ်အမြတ်ထားရာ အဘိဓမ္မာအခါတော်နေ့၊ သီတင်းကျွတ်လပြည့်နေ့တွင် တောင်ကုတ်မြို့ရှိ တန်ခိုးကြီးဘုရားများဖြစ်သည့် ဖောင်တော်ဦးစေတီတော်၊ ကိုင်းရှည်စေတျာရာမ ကျောင်းတိုက်အတွင်းရှိ မြသာလျောင်းဘုရား၊ မဟာဗောဓိစေတီတော်နှင့် အာလိန်ငါးဆင့် ဘုရားများတွင် ဘုရားဖူးလာသူများ၊ ပန်း၊ ရေချမ်းကပ်လှူ ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက် ရှိသကဲ့သို့ ဦးဥတ္တမကလေးကစားကွင်းနှင့်မင်္ဂလာကန်တော်တွင်လည်း အများပြည်သူအပန်းဖြေနိုင်ရန်အတွက် ရောင်စုံလျှပ်စစ်မီးများဖြင့် အလှဆင်ထွန်းညှိထားပြီး တေးဂီတဖျော်ဖြေရေး အစီအစဉ်များပါ ထည့်သွင်းထားရာ အပန်းဖြေအနားယူသူ၊ အလှဓာတ်ပုံရိုက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)
သာယာဝတီ
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ညတွင် သာယာဝတီမြို့ရှိ ဘုရားစေတီ ပုထိုးစေတီများ၌ တွင်ဘုရားဖူးလာရောက်ကြသူများ၊ ဆီမီးပူဇော်သူများ၊ ဈေးပွဲတော်သို့ လာရောက်ကြသူများဖြင့် စည်ကားလျက်ရှိပြီး စေတနာရှင်များက စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)
သရက်
သရက်မြို့နယ်အတွင်းရှိ ဘုရား၊ စေတီပုထိုးများ၌ သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းနှင့် ညပိုင်း တို့တွင် ကျင်းပလျက်ရှိသည့်တရားပွဲနှင့် ဘုရားဖူးရန် လာရောက်သူများက ဘုရားများတွင် ဆီမီး၊ ရေချမ်း၊ ဘုရားပန်း၊ အမွှေးတိုင် ဆက်ကပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ကြပြီး ဘုရားဖူးပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဖူးမြော်ကန်တော့ခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
ဝေါ
ပဲခူးခရိုင်၊ ဝေါမြို့ချမ်းမြသာစည်ရပ်ကွက်တွင် တည်ထားကိုးကွယ်သော ရွှေဘုန်းပွင့်စေတီတော်၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် စေတီဂေါပကအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသီဟထွန်း ဦးဆောင်သည့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ စုပေါင်း၍ ဆီမီး ၂၀၀၀ ထွန်းညှိပူဇော်ခဲ့ကြသည်။
အောင်မြတ်လင်း(ပြန်/ဆက်)
မြောင်းမြ
မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းရွာရှိ ဘုရားစေတီများဖြစ်ကြသည့် အောင်တော်မူမဟာမြတ်မုနိဆုတောင်းပြည့်ဘုရား၊ သကျမုနိဆုတောင်းပြည့်ဘုရား၊ ရွှေသာလျောင်းဘုရားနှင့် ရွှေဂူသာယာညီတော်နောင်တော်ဘုရားများတွင် ဒေသခံပြည်သူများစုပေါင်း၍ ဆီမီးတစ်ထောင် ပန်းတစ်ထောင်ပူဇော်ပွဲများ ကျင်းပခဲ့ပြီး နံနက်ပိုင်းတွင် ဝါတွင်းကာလ ဆွမ်းလောင်းလှူ ဆွမ်းသိမ်းအောင်ပွဲ စာရေးတံမဲ ပဒေသာပင် လှည့်လည်ပွဲတို့ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
ရသေ့တောင်
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)ညနေပိုင်းတွင် ရသေ့တောင်မြို့ရှိ စေတီတောင်ဘုရားနှင့် ဘုရားစေတီများတွင် ဘုရားဖူးပြည်သူများ၊ အလှူဒါနပြုလုပ်သူများနှင့် စည်ကားလျက်ရှိပြီး တောင်ရင်းတန်းရပ်ကွက်မှ လူငယ်များဦးဆောင်၍ မီးပုံးပျံလွှတ်တင်ခဲ့ကြောင်း၊ သီတင်းကျွတ်မီးထွန်းပွဲတော်ကို အောက်တိုဘာ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)