ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

ရှမ်းရွာသစ် အောက်တိုဘာ ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်း ကို ယနေ့ နံနက်(၈) နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မဲကတောခီးကျေးရွာနှင့် ပရေကြေထကျေးရွာ တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် ပြည်သူ လူထုများ လိုက်နာသင့်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အိမ်တိုင်ရာရောက် အသိပညာပေးခြင်း လုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးခြင်း၊  ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး အတွက် ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ Hand Gel ဖြင့် လက်များကို သန့်စင်စေခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာများ ပူးပေါင်းပြီး အပတ်စဉ် အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)