နေပြည်တော် အောက်တိုဘာ ၃၀
မြို့သစ်
မကွေးခရိုင်၊မြို့သစ်မြို့တွင်သီတင်းကျွတ်မီးထွန်းပွဲတော်ကို ယမန်နေ့ မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများဖြစ်သော သာလေးသာသ မိုင်းဝင်၊ လှိုင်နံသာ၊ လေသာ၊ ရွှေဘုံသာနှင့် အင်ကြင်းသာစေတီတော်တို့တွင် ကျင်းပလျက်ရှိရာ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ပြုသူများ၊ အပန်းဖြေအနားယူကြသူများဖြင့် စည်ကားလျက်ရှိကြောင်း၊ ၎င်းအပြင် မြို့သစ်မြို့ ဗိုလ်ချုပ်ပန်းခြံတွင်လည်း အများပြည်သူအပန်းဖြေနိုင်ရန်အတွက် ရောင်စုံလျှပ်စစ်မီးများဖြင့် အလှဆင်ထွန်းညှိထားရာ အပန်းဖြေအနားယူသူ၊ အလှဓာတ်ပုံရိုက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)
ငါးသိုင်းချောင်း
သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းတွင် ငါးသိုင်းချောင်းမြို့တည်သမိုင်းဝင် ဆုတောင်းပြည့်လောကမာရဇိန် ရုပ်ပွားတော်မြတ် ရပ်ကွက်များအတွင်း လှည့်လည်အပူဇော်ခံခဲ့ပြီး လပြည့်ကျော် (၁) ရက်နေ့တွင် ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ဘုရားစေတီများတွင် ဆီမီးထွန်းညှိသူများ၊ ကုသိုလ်ပြုသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)
ညောင်ဦး
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်မှန်း၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ သမိုင်းအထင်ကရဘုရားများဖြစ်သည့် ရွှေစည်းခုံဘုရားကြီးတွင် ဆီမီးတစ်သောင်း၊ ဗူးဘုရားတွင် ဆီမီးရှစ်ထောင်၊ ငှက်ပစ်တောင်ဘုရားတွင် ဆီမီးငါးထောင်၊ အလိုတော်ပြည့်ဘုရားတွင် ဆီမီးတစ်သောင်း၊ သဗ္ဗညုဘုရားကြီးတွင် ဆီမီးသုံးထောင်၊ အာနန္ဒာဘုရားကြီးတွင် ဆီမီးရှစ်ထောင်၊ မဟာဗောဓိဘုရားကြီးတွင် ဆီမီးသုံးထောင်၊ တုရင်တောင်စွယ်တော်မြတ်စေတီတွင် ဆီမီးတစ်သောင်း၊ ဓမ္မရံကြီးဘုရားတွင် ဆီမီးငါးထောင်၊ စူဠာမဏိဘုရားတွင် ဆီမီးသုံးထောင်၊ လောကနန္ဒာစွယ်တော် မြတ်စေတီတော်ကြီးတွင် ဆီမီးတစ်သောင်းနှင့် ဓမ္မရာဇကဘုရားကြီးတွင် ဆီမီးငါးထောင်တို့ကို ဂေါပကအဖွဲ့များ၊ မြန်မာပြည်အရပ်ရပ်ဘုရားဖူးလာပြည်သူများက စုပေါင်းကုသိုလ်ယူ ပူဇော်ခဲ့ကြကြောင်း သိရသည်။
ဒီပါလင်း
ညောင်တုန်း
ညောင်တုန်းမြို့ အထင်ကရဘုရားစေတီများဖြစ်သည့် သမိုင်းဝင် မိုးဟုတ်စေတီတော်မြတ်ကြီး၊ ဥသျှစ်လှစေတီတော်မြတ်ကြီးနှင့် အတုလမာရဇိန် ကြေးသွန်းဘုရားကြီးတို့တွင် ဥပုဒ်သီလ ဆောက်တည်ကြသူများ၊ ဝတ်ရွတ်အဖွဲ့များမှ ဓမ္မစင်္ကြာတရားများရွတ်ဖတ်ပူဇော်၍ ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းများအပြင် ဘုရားဖူးလာသူများမှ ပန်းများကပ်လှူပူဇော်ခြင်း၊ အမွှေးနံ့သာတိုင်များ၊ ဆီမီးများ ထွန်းညှိပူဇော်ခြင်းများ၊ စတုဒိသာကျွေးမွေး လှူဒါန်းခြင်းများ ပြုလုပ်ကြပြီး ဘုရားဖူးလာသူများဖြင့်စည်ကားလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)
ပုသိမ်
ပုသိမ်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေမုဌော မဟာစေတီတော်မြတ်၊ လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီတော်၊ ရွှေစည်းခုံစေတီတော်နှင့် စက်တော် ရာဘုရားအပါအဝင် ဘုရားစေတီများ၌ ဥပုသ်သီလဆောက်တည်ကြသူများ၊ ပန်း၊ရေချမ်း၊ဆီမီး၊ အမွှေးနံ့သာ တိုင်များကပ်လှူကာ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကားလျက်ရှိပြီး ရွှေမုဌောစေတီတော်မြတ်ကြီးတွင် ဆီမီး (၉) ထောင်၊ ပန်း(၉)ထောင် ကပ်လှူပူဇော်၍ ကုသိုလ်ယူလျက်ရှိကြောင်းသိရသည်။ ထို့ပြင် ပုသိမ်မြို့၏ အထင်ကရနေရာများဖြစ်သည့် ပုသိမ်တံတားအမှတ်(၂)၊ ရှုခင်းသာရင်ပြင်၊ ရေပေါ်ဈေးနှင့် ကမ်းနားလမ်း တစ်လျှောက်တို့တွင် သီတင်းကျွတ်ကာလကျောင်းပိတ်ရက်နှင့် ရုံးများပိတ်ရက်ဖြစ်သောကြောင့် အပန်းဖြေအနားယူကြသူများ၊ သွားလာလည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ပုသိမ်ခရိုင်(ပြန်/ဆက်)
ပေါက်တော
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)ညနေပိုင်းတွင် ပေါက်တောမြို့ရှိ လောကထိပ်ပန် ဆုတောင်းပြည့်ဘုရားကြီးနှင့် ဘုရားစေတီများတွင် မြို့ပေါ်ရပ်ကွက်အသီးသီးနှင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၏ ဗုဒ္ဓဘုရားရှင်အား ရည်မှန်းကာ ဆီမီထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ ဘုရားရေချမ်းအိုးကပ်လှူပူဇော်ခြင်း၊ အလှူငွေထည့်ဝင်လှူဒါန်းခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ အလှမီးများထွန်းခြင်း၊ ပွဲဈေးတန်းများ ဖွင့်လှစ်ရောင်းချခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)
ပေါင်
၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိမ္မာနေ့)တွင် ပေါင်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆပ်ကပ်လှူဒါန်းပူဇော်သူများ၊ အလှူဒါနပြုလုပ်သူများ၊ သီလဆောက်တည်ကြသူများနှင့် တရားဘာဝနာပွားများကျင့်ကြံအားထုတ်သူများနှင့် စည်ကားလျက်ရှိပြီး ကျိုက်ပေါင်းဆံတော်ရှင်တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ယောဂီအဖွဲ့ (၁၇)ဖွဲ့က ဓမ္မစကြာတရားတော်ကို အလှည့်ကျရွတ်ဖတ်ပူဇော်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
ပုဇွန်တောင်
၁၃၈၅-ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ပုဇွန်တောင်မြို့နယ်ရှိ သမိုင်းဝင်ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးတွင် ဂေါပကအဖွဲ့မှ ဦးဆောင်၍ စေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခြင်း၊ ဩဝါဒါစရိယဆရာတော်ကြီးများအပါအဝင် သံဃာတော် များအား အာရုဏ်ဆွမ်းဆပ်ကပ်ခြင်း၊ ဝါတွင်းသီလခံယူပွဲများ ကျင်းပခြင်း၊ မဟာပဝါရဏာပွဲ ဆောင်ရွက်ခြင်း၊ ဝါတွင်းကာလတစ်လျှောက်ပြုခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အနုမော ဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခြင်း၊ ဒေါက်တာအရှင်သာသန ဦးဆောင်သော ပါရမီရှင်ဝတ်အသင်းမှ ဝတ်ရွတ်ဖတ်ပူဇော်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ညနေပိုင်းတွင် ဆီမီးများ ထွန်းညှိပူဇော်ခြင်း၊ စတုဒိသာလှူဒါန်းခြင်းတို့ဖြင့် ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။
ဟန်စုယဉ်
ပျော်ဘွယ်
သီတင်းကျွတ် လပြည့်အခါသမယနေ့၌ ပျော်ဘွယ်မြို့နယ်ရှိ တန်ခိုးကြီးဘုရားများတွင် တရားပွဲများကျင်းပခြင်း၊ ဆီမီးကပ်လှူပူဇော်ခြင်း၊ ဆွမ်းဆန်စိမ်းများလောင်းလှူပူဇော်ခြင်း၊ ဘုရားဖူးမြော်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး
ပြည်
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ) အခါတော်နေ့တွင် ပြည်မြို့လေးဆူဓါတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီးတွင်၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများက ဗုဒ္ဓဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်းတို့ကို စုပေါင်းကုသိုလ်ယူလျက်ရှိပြီး စေတနာရှင် အလှူရှင်များက စတုဒိသာ ကျွေးမွေးလှူဒါန်းလျက်ရှိသည်။ ထို့အပြင်မြို့ပေါ်ရပ်ကွက်များတွင်လည်း ပွဲဈေးတန်းများ ဖွင့်လှစ်ရောင်းချခြင်း၊ နေအိမ်များတွင် ရောင်စုံလျှပ်စစ် အလှမီးဆိုင်းများ ထွန်းညှိခြင်းနှင့် လာရောက်အပန်းဖြေသူ ဘုရားဖူးလာ ပြည်သူများက အလှဓာတ်ပုံများ ရိုက်ကူးခြင်းတို့ဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ကိုစိုး (ပြည်)