တောင်တွင်းကြီးမြို့၊ ဇေယျမင်္ဂလာရွှေအင်းတောင် စေတီတော်မြတ်ကြီး၌ သတ္တမအကြိမ် စုပေါင်းသံဃာ့မဟာပဝါရဏာသိမ်ဆင်းလောင်းလှူပွဲ ကျင်းပ

တောင်တွင်းကြီး အောက်တိုဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ဂုဏ်ဆောင် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ အောက်တိုဘာလ (၂၉)ရက် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ညနေပိုင်းက သတ္တမအကြိမ် စုပေါင်း သံဃာ့မဟာပဝါရဏာ သိမ်ဆင်းလောင်းလှူပွဲကျင်းပရာ တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ငှက်ပစ်တောင်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာကမ္မဌာနာစရိယ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တမာနိတ၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ သာယာအေးကျောင်းတိုက်ကြီး၏ ပဓာနနာယက သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစာရိတ္တ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အခမ်းအနားသို့ တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်၊ အမှတ်(၇)၊ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေနှင့် ၎င်းတို့၏ဇနီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ စေတီတော်မြတ်ကြီး၏ရင်ပြင်တော်ပေါ်ရှိ အဘယသိင်္ဂီရွှေသိမ်တော်ကြီးတွင် မြို့ပေါ်ရှိ ကျောင်းတိုက် (၅၇) ကျောင်းမှ မြတ်ဗုဒ္ဓ၏ဩဝါဒအရ ပုရိမဝါကပ်တော်မူကြသော ရဟန်သံဃာ (၂၂၇)ပါးအား သတ္တမအကြိမ်စုပေါင်းသံဃာ့မဟာပဝါရဏာပြုလုပ်ပြီး သိမ်အဆင်းတွင် သန့်စင်မွန်မြတ်သည့် ရဟန်းသံဃာတော် အရှင်သူမြတ်တို့အား တောင်တွင်းကြီး တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်၊ အမှတ်(၇)၊ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေနှင့် ၎င်းတို့၏ဇနီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အတွင်းရှိ မိဘပြည်သူများက စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် လှူဖွယ်ဝတ္တုများကို စုပေါင်း၍ ပါဝင်လှူဒါန်းကြသည်။

ထို့နောက် ရေစက်သွန်းချမင်္ဂလာအခမ်းအနားကိုကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ သာယာအေးကျောင်းတိုက်ကြီး၏ ပဓာနနာယက သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစာရိတ္တထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ ဆရာတော်၊ သံဃာတော်များထံ ဗိုလ်မှူးချုပ်ထွန်းထွန်းနိုင်၊ အမှတ်(၇)၊ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြပြီး မကွေးတိုင်းဒေသကြီး သံဃာဝန်ဆောင်ဆရာတော်၊ ကန်တော်မင်းကျောင်းတိုက်ကြီး၏ ပဓာနနာယက၊ ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။ 

အောင်ကို(ပြန်/ဆက်)