နေပြည်တော် အောက်တိုဘာ ၃၀
မင်းဘူး
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ညတွင် မင်းဘူးမြို့၏ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ဆီမီး ၁၀၀၀ ၊ ရေချမ်းနှင့် ပန်းများကပ်လှူပူဇော်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း စက္ကိန်းတဲဘဏ္ဍာထိန်းဂေါပက ဥက္ကဌ ဦးကျော်သိန်းထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)
မိုင်းဆတ်
သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် မိုင်းဆတ်မြို့ရှိ သဗ္ဗညုဆုတောင်းပြည့် စေတီတော်မြတ်ကြီးတွင် နယ်မြေခံစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေး ကွပ်ကဲရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများစုပေါင်း၍ မီးပုံးပျံလွှတ်တင်ပြီး ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခဲ့ကြောင်း၊ အလားတူ ဝိန်းနေရပ်ကွက်ရှိ သာသနာ့ဓူရကျောင်းတိုက်တွင်လည်း မီးပုံးပျံအလုံး (၁၀၀) လွှတ်တင်ပူဇော်ပြီး ဆီမီးထွန်းညှိ ပူဇော်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)
မိုင်းယု
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မအခါတော်နေ့)၌ မိုင်းယုမြို့ မြို့မရပ်ကွက်၊ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းနှင့် တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတို့တွင် ဌာနဆိုင်ရာများ၊ နယ်မြခံတပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံပြည်သူများက ရှစ်ပါးသီလခံယူ ဆောက်တည်ကြခြင်း၊ ဆရာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချအမျှဝေခြင်း၊ ဆီမီး ၁၀၀၀ ကပ်လှူပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်းတို့ စုပေါင်းကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြသည်။
ကိုကိုနိုင်
မင်းလှ
သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ဘုရား၊ စေတီပုထိုးများတွင် သီတင်းကျွတ်လပြည့်နေ့၌ ဘုရားဖူး လာရောက်သူများဖြင့် စည်ကားလျက်ရှိသကဲ့သို့ ညနေပိုင်းတွင်လည်း မြန်မာ့ရိုးရာခြင်း အလှခတ်အဖွဲ့က ဘုရားဝန်းအတွင်း၌ ခြင်းအလှခတ်၍ဖျော်ဖြေပေးလျက်ရှိရာ ဘုရားဖူးသူများ၊ ခြင်းအလှခတ်ကြည့်ရှုသူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)
မင်းလှ
သာယာဝတီခ ရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း၍ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ညနေပိုင်းက အဘိဓမ္မာရွတ်ဖတ်ပူဇော်ခြင်းနှင့် ဆီမီးတစ်ထောင် ပူဇော်ခြင်းတို့ကို သရက်တပင်ကျေးရွာအုပ်စု၊ မြို့ဦးနနွင်းဘုရားစေတီတော်ကြီး၌ ပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ချုပ်ရေးဦးစီးဌာနဝတ်ရွတ်အသင်း၊ ရပ်ကွပ်/ကျေးရွာဝတ်ရွတ်အသင်းတို့က အဘိဓမ္မာတရားတော်များကို အလှည့်ကျ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ဆီမီးပူဇော်ရန်လာရောက်ကြသူများကို စတုဒိသာအဖြစ် ကြက်သားဆန်ပြုတ်များ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ပေါက်စ(မင်းလှ)
မိုးညှင်း
မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများသည် မြို့ပေါ်ရှိအထင်ကရဘုရားများဖြစ်သည့် ပြည်လုံးချမ်းသာ ရွှေသာလျောင်းဘုရားကြီးတွင် ဆီမီး ၁၀၀၀ ၊ မြသိန်းတန်ဘုရားကြီးတွင် ဆီမီး ၁၀၀၀ ပူဇော်ခြင်း၊ ဘုရားဖူးပြည်သူများအား စတုဒိသာများ ကျွေးမွေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး မြို့ပေါ်ဘုရားများတွင် ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများ၊ ပန်း၊ ဆီမီး၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အမွှေးနံ့သာများ ထွန်းညှိပူဇော်ခြင်း၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ ဘက်စုံအလှူငွေများ ပါဝင်လှူဒါန်းခြင်း၊ ဘုရားရေသပ္ပာယ်ခြင်း၊ ငါးအစာကျွေးခြင်း၊ ဘုရားဝတ်ရွတ်အသင်းမှ ဝတ်ရွတ်ပူဇော်ကြခြင်းနှင့် ဥပုသ်သီလဆောက်တည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း
မိုးညို
သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် ဘုရားပုထိုး စေတီတော်များတွင်ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူေဇာ်သည့့် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ရွှေပြည်သာရပ်ကွက်ရှိ ဗုဒ္ဓမြတ်စွယ်တော်ကျွန်းကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော "အလိုတော်ပြည့်ဘုရား" တွင် ဆီမီးတစ်ထောင်ပူဇော်ပွဲ ပြုလုပ်ခဲ့ကြောင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်၍ ပူဇော်ခဲ့ကြကြောင်းနှင့် အဆိုပါ "အလိုတော်ပြည့်ဘုရား"၌ ဆီမီးတစ်ထောင်ပူဇော်ခြင်းနှင့် ဝတ်ရွတ်ဖတ်ပူဇော်ခြင်းကို သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ (၂)ရက်တိုင်တိုင် ပူဇော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)
မြောင်းမြ
သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) တွင် မြောင်းမြမြို့ရှိ စကြာသီဟ စကြာနန္ဒဘုရား၌ ဘုရားဖူးလာပြည်သူများ၊ ပန်းဆီမီးကပ်လှူသူများ၊ ဘုရားပွဲစျေး လျှောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း၊ အလားတူ မြို့အတွင်းရှိ ရွှေဗုဒ္ဓေါဘုရား၊ ရွှေသာလျောင်းဘုရားများနှင့် စေတီပုထိုး ဘုန်းကြီးကျောင်းများတွင် ပန်းဆီမီးကပ်လှူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(မြောင်းမြ)
မြဝတီ
မြဝတီမြို့ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေမြင်းဝန်စေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) နံနက်ပိုင်းမှစတင်ကာ ဘုရားဖူးကုသိုလ်ပြု တရားဘာဝနာ အားထုတ်ကြသူများဖြင့် စည်ကားလျက်ရှိသကဲ့သို့ ညပိုင်းတွင်လည်း ဒုတိယအကြိမ်မြောက် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲကျင်းပခဲ့ကြောင်း၊ အလားတူမြဝတီမြို့နယ်အတွင်း အထင်ကရတန်ခိုးကြီး ဘုရားစေတီပုထိုးများဖြစ်သည့် မိကျောင်းကုန်းဘုရား၊ ကျောက်လုံးကြီးဘုရား၊ ဓိဌာန်အောင်စေတီတော်၊ ရွှေတိဂုံပုံတူစေတီတော်မြတ်ကြီးတို့တွင်လည်း ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူး ရဟန်းရှင်လူပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းပူဇော်ကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)
မြစ်သား
၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ညနေ ၆ နာရီတွင် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးနှင့် ရွှေစောလူး၊ ရွှေစောယွန်း စေတီတော်မြတ်ကြီးတို့တွင် မြို့နယ်အတွင်းရှိ ရပ်ကွက် (၆) ခုမှ ဒေသခံပြည်သူများ၊ မြို့နယ်အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ရွာသူ၊ ရွာသားများ၊ ကျေးလက်နေပြည်သူများက ဗုဒ္ဓဘုရားရှင်အား ရည်မှန်းကာ မီးပုံးပျံလွှတ်တင်ခြင်း၊ ဘုရားရေချမ်းကပ်လှူခြင်း၊ အမွှေးနံ့သာများဖြင့် ပူဇော်ကြခြင်း၊ ဘုရားဝတ်ရွတ်အသင်းများမှ ဝတ်ရွတ်ပူဇော်ကြခြင်း ဆီမီး (၁၀၀၀)များ ထွန်းညှိပူဇော်ခြင်းများ စုပေါင်းကုသိုလ်ပြုခဲ့ကြပြီး စတုဒိသာများလည်း ဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း၊ ဆီမီး ၁၀၀၀ ပူဇော်ခြင်းကို လပြည့်ကျော် (၁) ရက်နေ့အထိ ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းထွန်း (မြစ်သား)