မြိတ် အောက်တိုဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲကို အောက်တိုဘာ (၃၀)ရက် နံနက် (၉)နာရီက အ.ထ.က(၁)ကျောင်းတွင် ကျင်းပခဲ့ရာ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲကို အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်တွင် အင်္ဂလိပ်စာနှင့် သင်္ချာ ဘာသာရပ် သင်ကြား၊ သင်ယူမှု စွမ်းရည်တိုးတက်လာစေရန်၊ ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ရန်နှင့် ဗဟိုအဆင့်သို့ ပါဝင်ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ရေးဖြေစစ်ဆေးခြင်း၊ နှုတ်စွမ်းရည်နှင့် နှုတ်ဖြေစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။
မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည် ရေးဖြေ ပြိုင်ပွဲတွင် ကျောင်းသား/သူ (၇၄)ဦးနှင့် သင်္ချာရေးဖြေ ပြိုင်ပွဲတွင် ကျောင်းသား/သူ (၇၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်လျက်ရှိကြပြီး အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲတွင် ရေးဖြေ၊ ကျပန်းနှင့် နှုတ်ဖြေ ပြိုင်ပွဲ အမျိုးအစားများဖြင့် လည်းကောင်း၊ သင်္ချာစွမ်းရည် ပြိုင်ပွဲတွင် လက်တွေ့ဘဝနှင့် ဆက်စပ်သည့် ဉာဏ်စမ်းပုစ္ဆာများ၊ သင်္ချာစွမ်းရည်ကို ပေါ်လွင်စေသောမေးခွန်းများ၊ သက်ဆိုင်ရာအတန်းနှင့် ဆီလျော်သောမေးခွန်းများဖြင့် အောက်တိုဘာ (၃၀)ရက် မှ (၃၁)ရက်ထိ ကျင်းပသွားမည်ဖြစ်သည်။
မြို့နယ်အဆင့် စာပေဘာသာရပ် ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်သူများအနက် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် ထူးချွန်သူများအား သက်ဆိုင်ရာ အတန်းလိုက် သင့်တော်သည့် သင်ခန်းစာ ခေါင်းစဉ်များမှ ရေးဖြေ၊ နှုတ်ဖြေနှင့် ကျပန်းစကားပြောစွမ်းရည်/ ရေးဖြေနှင့် ရေးဖြေ(ဓမ္မဓိဋ္ဌာန်)များ စစ်ဆေး၍ စွမ်းရည်မြင့်မားသည့် အမှတ်အများဆုံး တစ်ဦးစီကို တိုင်းဒေသကြီးအဆင့်သို့ သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်ဆက် )