ကလေးမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်တွင် (HPV) ကာကွယ်ဆေးကို စတင် ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်း အနားကျင်းပ

ကလေး အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် အထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကွယ်ဆေး (HPV) စတင်ထည့်သွင်းထိုးနှံပေးခြင်း ဖွင့်ပွဲ အခမ်းအနားကို ကလေးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MOHS) Websiteမှ တိုက်ရိုက် ထုတ်လွှင့်သော ဗဟိုအဆင့် ဖွင့်ပွဲအခမ်းအနားမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ အဖွင့်မိန်းခွန်းဗီဒီယိုနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ပုံမှန် ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်တွင် (HPV) ကာကွယ်ဆေးကို စတင်ထည့် သွင်းထိုးနှံခြင်းလုပ်ငန်း ရှင်းလင်းခြင်းတို့ကို ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက် လာကြသော သက်ဆိုင်ရာခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ မြို့မိမြို့ဖ များက တိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး လမ်းညွှန်မှုခံ ယူခဲ့ကြသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမရှေ့တွင် အသက်(၉)နှစ်မှ (၁၀)နှစ် အရွယ်အထိ အမျိုးသမီး ငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေး စတင်ထိုးနှံပေးခဲ့ပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံခဲ့ကြသည့် အမျိုးသမီးငယ်လေး များအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ ၂၀၁၁ ခုနှစ် ဩဂုတ်လ (၃၁)ရက်အတွင်း မွေးဖွားခဲ့သည့် အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် အထိ အမျိုးသမီးငယ်များကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိုးမိုးထွေးက ဦးဆောင်ကြီးကြပ်၍ ကျန်းမာရေး ဝန်ထမ်းများက  ရပ်ကွက်နဲ့ ကျေးရွာများ အလိုက် ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ မိခင်နှင့်ကလေးဌာနတို့တွင် ကွင်းဆင်း ထိုးနှံပေး သွားမည်ဖြစ်ပြီး ကလေးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရေးအတွက် ဩဂုတ်လအတွင်းက ကွင်းဆင်းကောက်ယူချက်များအရ အသက်(၉)နှစ်မှ(၁၀)နှစ် အရွယ် အမျိုးသမီးငယ် ၃၄၅၄ ဦးရှိကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မာန်လမ့်တွောင် (ပြန်/ဆက်)