နေပြည်တော် အောက်တိုဘာ ၃၀
နမ္မတူ
နမ္မတူမြို့နယ်ရှိ တောင်ပေါ်ဘုရား၌ ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ညပိုင်းတွင် ရှမ်းတိုင်းရင်းသားရိုးရာ ကိန္နရီကိန္နရာအကနှင့် တိုးနယားအကတို့ဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်ကန်တော့ကာ ဆီးမီး၊ ရေချမ်း၊ ပန်း၊ ဆက်ကပ်လှူဒါန်းသူများ၊ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)
ကျိုင်းတုံ
ကျိုင်းတုံမြို့ ရပ်တော်မူဘုရားကြီး၊ မဟာမြတ်မုနိဘုရားနှင့် မြို့နယ်အတွင်းအရှိ ရပ်ကွက်၊ ကျေးရွာအသီးသီးရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများနှင့် ဓမ္မာရုံများ၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးပြည်သူများ၊ ဆီမီးထွန်းညှိပူဇော်ကြသူများ၊ စတုဒိသာအလှူပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)
ကျွန်းလှ
ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ မြို့မရုံးဦးကျောင်းတိုက်တွင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ မဟာပဝါရဏာ အခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းတိုက်ရှိ လေးကျွန်းမာရ်အောင်ဗုဒ္ဓဝိဟာရ ဗိမာန်တော်၌ ကျင်းပရာ ဝါဆိုဝါကပ်ကြသော သံဃာတော်များအား သိမ်ဆင်းတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများနှင့် အလှူရှင်တို့က သင်္ကန်း၊ ဝတ္ထုငွေ အစရှိသော လှူဖွယ်အစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကာ မြို့မရုံးဦးကျောင်းတိုက် ဆရာတော်ဦးသုဘောဂထံမှ အနုမောဒနာတရား နာကြားကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှတမ်းပေးဝေခဲ့ကြသည်။
မျိုးဝင်းညို(ကျွန်းလှ)
လပွတ္တာ
သီတင်းကျွတ်လပြည့်နေ့ အခါသမယတွင် လပွတ္တာမြို့ပေါ်ရှိ သကျမာရဇိန်ဆုတောင်းပြည့်ဘုရားကြီး၊ အောင်တော်မူဘုရား၊ စိန်တိဂုံဘုရား၊ ရှင်စောမြတ်စေတီတော်မြတ်ကြီးနှင့် အခြားဘုရား၊ စေတီပုထိုးများတွင်သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ မိဘပြည်သူများသည် ဝါကျွတ်ကာလ အခါသမယသီတင်းကျွတ်လပြည့်နေ့တွင် ပန်း၊ ဆီမီး၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းကြပြီး ဘုရားစေတီများ၏ အေးချမ်းသည့်အရိပ်အာဝါသအောက်တွင် တရားဘာဝနာပွားများနေကြသူများ၊ ဥပုသ်သီတင်းများဆောက်တည်ခြင်းဖြင့် တိုးမပေါက်အောင် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
မချမ်းဘော
မချမ်းဘာမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် မြတ်စွာဘုရားရှင်ဗျာဒိတ်ထားတော်မူရာ ကောင်းမှုလုံ စေတီတော်မြတ်ကြီးတို့၌ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ဥပုသ်သီလဆောက် တည်သူများ၊ လာရောက်ကုသိုလ်ပြုကြသူများ၊ ဘုရားဖူးများ၊ ဥပုသ်သီလဆောက်တည်သူများ၊ ဆွမ်းဆီမီးပန်းဆက်ကပ် လှူဒါန်းသူများ၊ မလိခမြစ်နံဘေးရှုခင်းများတွင် အလှဓာတ်ပုံရိုက်ကူးသူများနှင့် စည်ကားလျက်ရှိသည်။
အလားတူ ညပိုင်းတွင်လည်း မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ကောင်းမှုလုံ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ခြင်း၊ စေတီတော်မြတ်ခြေရင်းရှိ မလိခမြစ်အတွင်း ဆီမီးကြာခွက်မျှောပူဇော်ခြင်းတို့ကို မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများက စုပေါင်းကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော)
မရမ်းကုန်း
မရမ်းကုန်းမြို့နယ် အမှတ်(၄) ရပ်ကွက်၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) နံနက်ပိုင်းတွင် ရပ်ကွက်တွင်း စတုဒိသာကျွေးမွေးသူများ၊ လှူဒါန်းသူများဖြင့် စည်ကားလျက်ရှိပြီး ရပ်ကွက်တွင်းအလှူရှင်တစ်ဦးဖြစ်သည့် ဦးစိုးဝင်းထက်နှင့် ဒေါ်မာလာအေးမိသားစုတို့မှ ရပ်ကွက် အတွင်းရှိ ပြည်သူ (၈၀၀) အား ဆန်၊ ဆီ၊ ဆေး၊ ဆားတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)
မာန်အောင်
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ညနေပိုင်းတွင် မာန်အောင်မြို့ပေါ်ရှိ ဘုရား၊ ပုထိုး၊ စေတီတော်များဖြစ်ကြသည့် ရန်အောင်မြင်စေတီ၊ ဓာတ်တော်စေတီ၊ မဟာထီးဘုရားစေတီနှင့် လေးဆူမြတ်ရှင် သီရိကျက်သရေမာရ်အောင်မြင်စေတီတော်တို့တွင် ဆီမီးပူဇော်ခြင်း၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်းများဖြင့် စည်ကားလျက်ရှိပြီး သီတင်းကျွတ်မီးထွန်း ပွဲတော်ကို အောက်တိုဘာ ၃၀ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)
မက်မန်း
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ညပိုင်းတွင် မက်မန်မြို့ မင်းရန်အောင် စေတီတော်မြတ်ကြီး၌ ဆီမီး(၁၀၀၀) ပူဇော်ခြင်း၊ မီးပုံအကြီး၊ အသေး(၅၀၀၀) လွှင့်တင်ပူဇော်ခြင်းတို့ကို အဆိုပါဘုရားရင်ပြင်တော်ပေါ်တွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုပေါင်းကုသိုလ်ယူခဲ့ကြပြီး ပညာဒီပကျောင်းတိုက်ဆရာတော် ဦးဆောင်သည့် သံဃာတော် (၆၅) ပါးက အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
စောဥမ္မာ(ပြန်/ဆက်)
မအူပင်
မအူပင်မြို့ရှိ အထင်ကရ ဘုရားစေတီများဖြစ်သည့် ပေါ်တော်မူစေတီတော်မြတ်ကြီး၊ ရွှေဘုန်းမြင့် စေတီတော်မြတ်ကြီးနှင့် စိမ်းမြကန်သာ စေတီတော်မြတ်ကြီးများတွင် ဥပုဒ်သီလဆောက်တည်ကြသူများ၊ ဝတ်ရွတ်အဖွဲ့များမှ ဓမ္မစင်္ကြာတရားများရွတ်ဖတ်ပူဇော်၍ ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းများအပြင် ဘုရားဖူးလာသူများမှ ပန်းများကပ်လှူပူဇော်ခြင်း၊ အမွှေးနံ့သာတိုင်များ၊ ဆီမီးများထွန်းညှိပူဇော်ခြင်းများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများ၊ စိမ်းမြကန်သာ စေတီတော်မြတ်ကြီးတွင် ဆီမီး(၉)ထောင်၊ သစ်သီး(၉)ထောင်၊ ပန်း(၉)ထောင် ကပ်လှူပူဇော်သူများဖြင့် စည်ကားလျက်ရှိသည်။
မအူပင်ခရိုင်(ပြန်/ဆက်)
မောင်တော
မောင်တောမြို့၌ သီတင်းကျွတ်လပြည့်နေ့ မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှကြီးမှူး၍ နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနေဦးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အနီးအနားရှိ ရပ်ကွက်များမှ ဘုရားဖူးပြည်သူလူထုများသည် ဗုဒ္ဓဘုရားရှင်အား ရည်မှန်းကာ ဆီမီး တစ်ထောင် ထွန်းညှိပူဇော်ခြင်း၊ အမွှေးနံ့သာများထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ ဘုရား ရေချမ်းအိုးကပ် လှူပူဇော်ခြင်း၊ သစ်သီးဆွမ်းကပ်လှူခြင်းတို့ကို စုပေါင်းကုသိုလ်ယူခဲ့ကြသည်။ ထို့အတူ မြို့မကျောင်းတိုက်ရှိ ဘုရားကြီးတွင်လည်း ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များတွင်လည်း အလှမီးများထွန်းခြင်း၊ ဘုရားစေတီအနီးအနားတွင် ပွဲဈေးတန်းများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်