ကျွန်းစု အောက်တိုဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ သီတင်းကျွတ်လပြည့်နေ့ ဥပုသ်ဆွမ်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်အမှတ်(၃)ရပ်ကွက်ရှိ သီရိမင်္ဂလာကျောင်းတိုက်၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူးဗိုလ်မှူးချုပ်သိန်းထူးနှင့် ဇနီးဒေါက်တာဒေါ်အေးစိုးမိသားစု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ အရာရှိစစ်သည်များ၊ ဒေသခံပြည်သူများက နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး သီရိမင်္ဂလာကျောင်းဆရာတော် ဦးဝိသေဌထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ထို့နောက် တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူးဗိုလ်မှူးချုပ်သိန်းထူးနှင့် ဇနီးဒေါက်တာ ဒေါ်အေးစိုးမိသားစုက ဆရာတော်အားပရိက္ခရာလှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေ(၅၅၇၀၀၀၀)ကျပ်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် သာဓုအနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုကာ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)