နေပြည်တော် အောက်တိုဘာ ၃၀
ဘားအံ
ဘားအံမြို့ရှိ နာမည်ကြီးဘုရားများနှင့် မြို့ပေါ်ရပ်ကွက်များတွင် သီတင်းကျွတ်လပြည့်နေ့ညနေ၌ ဗုဒ္ဓမြတ်စွာဘုရားရှင်အားရည်မှန်း၍ ဌာနဆိုင်ရာရုံးများ၌ ရောင်စုံလျှပ်စစ်မီးများ ထွန်းညှိခြင်း၊ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိ ပြည်သူများမှ ဆီမီးများ ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ခြင်း၊ လမ်းသွယ်၊ လမ်းကြား၊ လမ်းမကြီးများတွင် ရောင်စုံအလှမီးများ ထွန်းလင်းခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ မိဘဘိုးဘွားများနှင့်ဆရာသမားများကို လိုက်လံကန်တော့ကြသူများဖြင့် စည်ကားလျက်ရှိသည်။
နိုင်နိုင်(ပြန်/ဆက်)
ဓနုဖြူ
ဓနုဖြူမြို့နယ်ရှိ သမိုင်းဝင်ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပလျက်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းသူများ၊ ဆီမီးပူဇော်သူများဖြင့် စည်ကားလျက်ရှိပြီး ဇာတ်ပွဲများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများနှင့် ချား၊ ရဟက်များတွင် ကလေးများပျော်ရွှင်စွာ ဆော့ကစားလျက်ရှိကြောင်း၊ ဘုရားပွဲစျေးတန်းတွင်လည်း ဒေသထွက်ကုန်များ၊ အဝတ်အထည်များ၊ ဒေသထွက်မြန်မာမုန့်များနှင့် ကလေးကစားစရာပစ္စည်းဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)
ဒေါပုံ
ဒေါပုံမြို့နယ်တွင် ဒေသခံပြည်သူများစုပေါင်း၍ ပြည်လုံးချမ်းသာဆုတောင်းပြည့် အေးစေတီတော်တွင် ဗုဒ္ဓအဘိဓမ္မာအခါတော်နေ့နှင့် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲကို ယမန်နေ့ည ၆ နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ဝတ်ရွတ်အသင်းသုံးသင်းမှ ဝတ်ရွတ်ပူဇော်ခြင်း၊ စေတီတော်ကြီး၏ မုခ်ဦးလေးခုရှိ ဘုရားဆင်းတုတော်များအား ရေသပ္ပါယ်ခြင်း၊ ပန်း၊ ရေချမ်းများ ဆပ်ကပ် လှူဒါန်းခြင်းနှင့်မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများက ဆီမီးတစ်ထောင်ဖြင့် ထွန်းညှိ ပူဇော်ခဲ့ကြကြောင်း၊ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်အေးစေတီတော်တွင် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ဗုဒ္ဓအဘိဓမ္မာ အခါတော်နေ့နှင့် ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲကို နှစ်စဥ်ကျင်းပပြုလုပ်လျက်ရှိပြီး နှစ်စဥ်မပြတ် ဆက်လက်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)
အိမ်မဲ
အိမ်မဲမြို့နယ်၊ ချောင်းဝပိုင်းရပ်ကွက် (၁)လမ်းရှိ အိမ်မဲမြို့တည်သမိုင်းဝင် ဆုတောင်းပြည့် ရှင်ပင်ချမ်းသာကြီး ရုပ်ရှင်တော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်)နေ့ ညနေပိုင်း အချိန်ကစတင်ပြီး ဘုရားဖူးလာပြည်သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိပြီး ဘုရားဖူးလာပြည်သူများက မြတ်စွာဘုရာအားရည်မှန်း၍ ပန်း၊ ဆီမီး၊ ရေချမ်းနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းကြပြီး အိမ်မဲချောင်းအတွက်းသို့ ဆီမီးတစ်ထောင်မီးမျှော ပူဇော်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)
ဟင်္သာတ
ဟင်္သာတမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ဆယ်ထပ်ကြီးဘုရားနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဘုရားစေတီများ၌ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်နှင့်ဌာနဆိုင်ရာ ပရိတ်အသင်းများမှ ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး နေ့လည်ပိုင်းနှင့်ညနေပိုင်းတို့၌ တန်ခိုးကြီး ဘုရားစေတီများတွင်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာကြသူများ၊ မြို့ပေါ်ရပ်ကွက်များမှ ဘုရားဖူးကုသိုလ်ယူကြသူများ၊ ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူပူဇော်ကြသူများ၊ နေ့နံအလိုက် ဂြိုလ်ခွင်များတွင် ပန်း၊ ဆီမီး၊ ရေချမ်းများနှင့် ရေသပ္ပာယ်ပူဇော်သူများနှင့် စည်းကာလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
ကန်ကြီးထောင့်
ကန်ကြီးထောင့်မြို့နယ်ရှိ လောကမှန်ကူဆုတောင်းပြည့် စေတီတော်မြတ်ကြီးတွင် သီတင်းကျွတ် လပြည့်နေ့ ညနေပိုင်းက ဘုရားကြီး၏ ဂေါပကအဖွဲ့များ၊ တာဝန်ရှိသူများနှင့် ဘုရားဖူးပြည်သူများက ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခဲ့ကြပြီး မြို့နယ်ဝတ်ရွတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်၍ ပူဇော်ခဲ့ကြကာ ဆီမီးတစ်ထောင်ပူဇော်ခြင်းနှင့် ဝတ်ရွတ်ဖတ်ပူဇော်ခြင်းတို့အား သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့အထိ ဆက်လက်ပူဇော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)
ကန့်ဘလူ
ကန့်ဘလူမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ဗုဒ္ဓဘာသာဝင်များ၏ ဓလေ့ထုံးတမ်းစဉ်လာအရ သက်ကြီးဘိုးဘွားများနှင့် မိဘညီအစ်ကိုများအား ကန်တော့ခံပစ္စည်းများဖြင့် ကန်တော့ကြခြင်း၊ ဘုရားစေတီ ပုထိုးများတွင် ဒေသခံဘုရားဖူးလာပြည်သူများနှင့် စည်ကားလျက်ရှိပြီး ဘုန်းတော်ကြီးကျောင်းများတွင်လည်း ဆရာတော်ကြီးများထံမှ ဥပုသ်သီလခံယူဆောက်တည် တရားတော်များနာယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)
ကသာ
ကသာမြို့တွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ညပိုင်း၌ ရွှေဂူကြီးဆုတောင်းပြည့် ဘုရားကြီးနှင့် ရှေးဟောင်းစေတီပုထိုးများသို့ ဘုရားဖူးသူများနှင့် စည်ကားလျက်ရှိပြီး ညပိုင်းတွင် ဗုဒ္ဓဘုရားရှင်းအား ရည်မှန်း၍ ဆီးမီးထွန်းညှိ ပူဇော်ခြင်း၊ ဘုရားရေချမ်းများကပ်လှူပူဇော်ခြင်း၊ မီးပုံပျံလွှတ်တင်ခြင်း ပြုလုပ်ခဲ့ကြပြီး အလှူရှင်များကလည်း စတုဒိသာများ ကျွေးမွေးလျက်ရှိကြောင်း၊ ကသာမြို့ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များတွင် ရောင်စုံမီးများ ထွန်းညှိပူဇော်ထားသည်ကို တွေ့ရှိရသည်။
ကျော်စွာထွန်း(ကသာ)
ကော့သောင်း
ကော့သောင်းခရိုင်အတွင်းရှိ မြို့နယ်ကျက်သရေဆောင် ပြည်တော်အေးဆုတောင်းပြည့် စေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိပြီး နယ်မြေခံတပ်ရင်းမှ စစ်ဗျူဟာမှူးဦးဆောင်သည့် ဌာနဆိုင်ရာများက မီးပုံးပျံလွှတ်တင်ပူဇော်ခဲ့ကြကြောင်း၊ စေတီတော်မြတ်ကြီးတွင် စတုဒိတာ လှူဒါန်းသူများ၊ သန့်ရှင်းရေးပြုလုပ်ကုသိုလ်ယူကြသူများ၊ ဆီမီးပူဇော်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
ခရိုင်(ပြန်/ဆက်)
ကျောင်းကုန်း
ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၏ မြို့ကျက်သရေဆောင် မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီး၌ ယနေ့သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာ အခါတော်နေ့)တွင် ဆီမီးထွန်းညှိပူဇော်သူများ၊ ကုသိုလ်ပြုလုပ်သူများ၊ စတုဒိသာလှူဒါန်းသူများ၊ ဘုရားဖူးပြည်သူများနှင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
ဝင်းကြိုင်(ပြန်/ဆက်)