ခန္တီး အောက်တိုဘာ ၂၂
ကိုဗစ်- ၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အသက် ၈၀ နှစ်နှင့် အသက် ၈၅ နှစ်တင်းတင်း မပြည့်သေးသည့် သက်ကြီး ဘိုးဘွား များကို ယမန်နေ့မွန်းလွဲ ၁ နာရီက အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။
ခန္တီးမြို့ပေါ်သုံးရပ်ကွက်တွင် အသက် ၈၀ နှစ်နှင့် ၈၅ နှစ်တင်းတင်းမပြည့်သေးသည့် သက်ကြီးဘိုးဘွား ၃၉ ဦးကို တစ်ဉီးလျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်မူမူထွန်းနှင့် ရုံးဝန်ထမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းကောင်းပန်းဆေးနှင့် အငယ်တန်းစာရေး ဒေါ်တိုးတိုးရီ၊ မြို့မစာရေး ဦးစိုင်းကျော်ခင်၊ ရက်ကွက်အုပ် ရေးမှူးတို့ပူးပေါင်း၍ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ခန္တီးမြို့နယ် ကျေးရွာများမှ ထောက်ပံ့ရန် ကျန်ရှိသည့် သက်ကြီးဘိုးဘွား ၃၂ ဦးတို့ကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးတို့ ပူးပေါင်း ပြီး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)