လပွတ္တာ အောက်တိုဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၆၆)ကြိမ်မြောက် တာဝတိံသာဘုရားဆင်းပွဲတော်နှင့်ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာလ ၂၉ ရက်၊ သီတင်းကျွတ်လပြည့်နေ့၊ နေ့လယ် ၁ နာရီချိန်တွင် လပွတ္တာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်ဘုရားလမ်း၊ အောင်တော်မူဘုရားဝန်းအတွင်းရှိ တာဝတိံသာတန်ဆောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် သာသနာတော်နှစ်(၂၅၆၇)နှစ်၊ ကောဇာသက္ကရာဇ်(၁၃၈၅)ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာဘုရားသည်တာဝတိံသာနတ်ပြည်မှလူ့ပြည်သို့ ဆင်းသက်တော်မူသည့် (ဘုရားဆင်းဗုဒ္ဓပူဇနိယ)ပွဲတော်ဖွင့်ပွဲအခမ်းအနားအား လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)၊ ဒုတိယဗိုလ်မှူးကြီးဝင်းမင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးဝေဟိန်းနှင့်တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ မြတ်စွာဘုရားရှင်အား ရတနာစင်္ကြန်နှင့်တကွ စောင်းတန်းသုံးသွယ်တို့မှ ဆင်းသက်တော်မူရာတွင် ပဉ္စသိင်္ခနတ်သားမှ ဘုရားရှင်အား တေးဂီတဖြင့်သီဆိုပူဇော်ခြင်း၊ ဘုရားရှင်၏ဂုဏ်တော်များကိုအမွှန်းပြုသည့် ဩဘာစာများဖတ်ကြားပူဇော်ခြင်းအစီအစဥ်များကို ကျင်းပပြုလုပ်ခဲ့သည်။ မြတ်စွာဘုရားရှင်သည် တာဝတိံသာကုန်းတော်ပေါ်ရှိ ယာယီစံကျောင်းတွင်သီတင်းသုံးအပူဇော်ခံမည်ဖြစ်ပြီး သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့တွင် ဒေဝါဝင်းရာဇာဝင်းများစုံလင်စွာဖြင့် လပွတ္တာမြို့ပေါ်ရှိရပ်ကွက်(၁၀)ခုသို့ ဒေသစာရီကြွချီ၍အလှူရှင်များ ဆက်ကပ်လှူဒါန်းသောဝါကျွတ်သင်္ကန်းတော်များအား အလှူခံမည်ဖြစ်ကြောင်း ဘုရားဆင်းဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးဦးစီးကော်မတီထံက သိရသည်။
ခရိုင်(ပြန်/ဆက်)