တောင်ငူ၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့၌ ဘုရားဖူး ကုသိုလ်ပြုကြသူများဖြင့် စည်ကား

တောင်ငူ အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် စေတီတော်များတွင် ယနေ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့၌ ဘုရားဖူး ကုသိုလ်ပြုကြသူများစွာရှိပြီး တောင်ငူမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက် ဖူးမြော်ကြသူများနှင့် စည်ကားလျက်ရှိကြသည်။

တောင်ငူမြို့နယ်အတွင်း ရှေးဟောင်းသမိုင်းဝင်စေတီတော်များ အများအပြားရှိရာ ယနေ့နံနက် ၈ နာရီအချိန်က စတင်ပြီး စျေးလမ်း၌ တည်ထားကိုးကွယ်တော်မူသည့် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးယာဥ်များ၊ အနီးဝန်းကျင်ရှိ မြို့နယ်များမှ မိသားစုဝင်များက အများဆုံးလာရောက်ကာ ပန်းကပ်၊ ဆွမ်းတော်တင်၊ ဆီမီး၊ ရေသပ္ပါယ်ပြုကြပြီး ရွှေသင်္ကန်းများ ကပ်လှူပူဇော်လျက်ရှိကြောင်း ဘုရားဂေါပကအဖွဲ့ရုံးထံမှ သိရသည်။

နှစ်စဥ် တောင်ငူမြို့နယ်အတွင်း အခါကြီးရက်ကြီးများ၌ စေတီ ဘုရား ကျောင်းကန်များတွင် သီလဆောက်တည်သူ၊  ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိပြီး အလှူဒါနပြုကြသူများစွာ ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်