ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ဝတ်ရွတ်ပူဇော်ပွဲကျင်းပ

ဇလွန် အောက်တိုဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ဇလွန်​မြို့နယ်တွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ဝတ်ရွတ်ပူဇော်ပွဲကို ဇလွန်မြို့မာရ်အောင်မြင်ပြည်တော် ပြန်မြတ်စွာဘုရားကြီး ဂန္ဓကုဋိတိုက်အတွင်း၌ ယနေ့မွန်းတည့် ၁၂ နာရီတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ အကျိုးတော်ဆောင်ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမြင့်ဆွေက နှစ်စဥ်ကျင်းပခဲ့တဲ့အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ဂေါပကအဖွဲ့နှင့်အတူ စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက် ဖြစ်အောင်ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြသော ပရိတ်တော်အဖွဲ့များအားလုံးကို ကျေးဇူးတင်ကြောင်း အဘိဓမ္မာဒေသနာတော် အစအဆုံးပြီးပြည့်စုံအောင် ဟောကြားခဲ့သောနေ့အား ဗုဒ္ဓဘာသာဝင်များစိတ်ဘဝင်တွင် အစဥ် အဆက်သတိရနေစေရန်၊ ထေရဝါဒပိဋကတ်တော်လာ အဘိဓမ္မာဒေသနာတော်အား ကမ္ဘာအနှံ့အပြားသို့တိုးတက်ပြန့်ပွားစေရန်၊ ဗုဒ္ဓသာသနာအရှည်တည်တံ့စေရန် ရည်ရွယ်ပြီး အဘိဓမ္မာ အခါတော်နေ့ကို နှစ်စဥ်ကျင်းပခဲ့တာဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယနေ့သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာ ဘုရားကြီးဂန္ဓကုဋိတိုက် အတွင်း၌ ပရိတ်တော်အဖွဲ့ ၁၂ ဖွဲ့က အဘိဓမ္မာခုနှစ်ကျမ်း အမေးအဖြေအမွှန်းပါဠိတော်များဖြင့် ရွတ်ဆိုပူဇော်ခြင်းကို မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအချိန်ထိ အလှည့်ကျရွတ်ဖတ်ပူဇော်မည် ဖြစ်ကြောင်း ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ အကျိုးတော်ဆောင် ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးမြင့်ဆွေ၏ ပြောကြားချက်အရ သိရသည်။

ဝေယံ-ဇလွန် (ပြန်/ဆက်)